မော်လ်ဒိုဗာအစိုးရကို ဖြုတ်ချရန် ရုရှားကြံစည်နေဟု သမ္မတ မိုင်ယာဆန်ဒူ စွပ်စွဲ

ရုရှားနိုင်ငံဟာ ဆိုဗီယက်ဟောင်း မော်လ်ဒိုဗာနိုင်ငံငယ်လေးရဲ့ ခေါင်းဆောင်မှုကို ဆွဲချဖို့အတွက် နိုင်ငံခြား အဖျက်သမားတွေကို အသုံးပြုဖို့၊ ဥရောပသမဂ္ဂထဲ မော်လ်ဒိုဗာ ဝင်ရောက်မှာကို ရပ်တန့်ဖို့နဲ့ ယူကရိန်းကိုတိုက်ခိုက်တဲ့ စစ်ပွဲမှာ အသုံးချဖို့တွေ စီစဉ်နေတယ်လို့ မော်လ်ဒိုဗာသမ္မတ မိုင်ယာဆန်ဒူက ဖေဖော်ဝါရီ ၁၃ ရက်မှာ စွပ်စွဲ ပြောကြားလိုက်ပါတယ်။
မော်လ်ဒိုဗာကို ဖျက်ဆီးမယ့် ရုရှားထောက်လှမ်းရေးအစီအစဉ်ကို ယူကရိန်းက ဖော်ထုတ်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောကြားခဲ့ပြီး မော်လ်ဒိုဗာသမ္မတ ဆန်ဒူကလည်း သူ့အစိုးရအဖွဲ့ နုတ်ထွက်သွားပြီး ရက်ပိုင်းအကြာမှာပဲ မှတ်ချက်စကား ပြောကြားခဲ့တာပါ။
ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မော်လ်ဒိုဗာနိုင်ငံအပေါ် မော်စကိုရဲ့ ရည်ရွယ်ချက်တွေနဲ့ ခွဲထွက်ဒေသ ထရန်စ်-နိယက်စ်-ထရီးယား ဒေသမှာ ရုရှားတပ်တွေ ရှိနေတဲ့ကိစ္စတွေအပေါ် စိုးရိမ်ကြောင်း သမ္မတ ဆန်ဒူက ထပ်ခါတလဲလဲ ဖော်ပြခဲ့ပါတယ်။
မော်လ်ဒိုဗာကိုဝင်ရောက်ပြီး ဆန္ဒပြပွဲတွေဖြစ်အောင်လုပ်ဖို့ ကြိုးစားကြတဲ့အထဲ ရုရှား၊ မွန်တီနီဂရိုး၊ ဘီလာရုစ်နဲ့ ဆားဘီးယား နိုင်ငံသားတွေ ပါဝင်ပတ်သက်နေပြီး “တရားဝင်အစိုးရကို ရုရှားဖက်ဒရေးရှင်းက ထိန်းချုပ်ထားတဲ့ တရားမဝင်အစိုးရအဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းမှု” ဖြစ်တယ်လို့ ဆန်ဒူက ပြောပါတယ်။
ထရန်စ်-နိယက်စ်-ထရီးယား အာဏာပိုင်တွေက သူတို့ဟာ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ကြုံနေရကြောင်း ပြောဆိုလာပြီးနောက်မှာ ရုရှားက မော်လ်ဒိုဗာမှာ ဝင်စွက်ဖက်လိုတယ် ဆိုတာကို မနှစ်က ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်အိမ်ဖြူတော်ကတော့ မော်လ်ဒိုဗာအစိုးရကို ဖြုတ်ချဖို့ ရုရှားရဲ့ ကြံစည်မှု သတင်းတွေဟာ အလွန်ကို စိုးရိမ်စရာဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က ပြောကြားခဲ့ပါတယ်။
စွပ်စွဲခံထားရတဲ့ လုပ်ကြံမှုဆိုတာကို လွတ်လပ်တဲ့ အတည်ပြုချက် မရှိသေးဘူး ဆိုပေမဲ့ အမေရိကန်ဟာ မော်လ်ဒိုဗာအစိုးရနဲ့ မော်လ်ဒိုဗာပြည်သူတွေနဲ့ လုံးဝရပ်တည်ပါတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ကာဘီက ပြောပါတယ်။