နျူးကလီးယားပြဿနာ မှန်မှန်ကန်ကန်ဖြေရှင်းရန် အီရန်ကို တရုတ် တောင်းဆို

တရုတ်သမ္မတ ရှီကျင့်ဖျင်က အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ရာမှာ အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုရင်း အီရန် နျူးကလီးယားပြဿနာကို စောစောစီးစီးနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ရှီကျင့်ဖျင်နဲ့ အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီတို့ တွေ့ဆုံဆွေးနွေးနေတဲ့ ဗီဒီယိုဖိုင်ကို တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြား CCTV က အင်္ဂါနေ့မှာ ပြသခဲ့ပါတယ်။
အီရန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဘက်ဖြစ်နေတဲ့ တရုတ်နိုင်ငံဟာ ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနဲ့ အခြေခံအဆောက်အဦတွေအပြင် အရည်အသွေးမြင့် အီရန်လယ်ယာထွက်ကုန်တွေ တင်သွင်းရာမှာလည်း အီရန်နဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့ ရှီက ပြောပါတယ်။
ရှီနဲ့ ရိုင်စီတို့ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဥဇဘက်ကစ္စတန်နိုင်ငံ စာမာခန်းမြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးမှာ လူကိုယ်တိုင် နောက်ဆုံးတွေ့ချိန်က ပိုခိုင်ခိုင်မာမာ မဟာမိတ်ဖွဲ့ဖို့ ကတိပြုခဲ့ကြပါတယ်။
ရှီရဲ့ဖိတ်ကြားချက်အရ ရိုင်စီဟာ ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၁၆ ရက်အထိ တရုတ်နိုင်ငံကို လာရောက်လည်ပတ်နေတာ ဖြစ်ပါတယ်။