close

နယူးဒေလီနှင့် မွမ်ဘိုင်းရှိ ဘီဘီစီသတင်းဌာန ရုံးခန်းများ ရှာဖွေခံရ

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကို ဝေဖန်ထားတဲ့ “India: The Modi Question” ဘီဘီစီ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ငြင်းခုန်ဝေဖန်မှုတွေ ဆက်ပြီး ဂယက်ထနေတာကြောင့် အိန္ဒိယရဲ့ အခွန်အရာရှိတွေဟာ နယူးဒေလီနဲ့ မွမ်ဘိုင်းရှိ ဘီဘီစီသတင်းဌာန ရုံးခန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ဒုတိယမြောက်နေ့အဖြစ် ရှာဖွေခဲ့ကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ဟာ ၂၀၀၂ ခုနှစ်က ဂူဂျာရတ်မှာ ဟိန္ဒူ-မွတ်ဆလင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့တုန်းက ပြည်နယ်ဝန်ကြီးချုပ် ဖြစ်နေခဲ့တဲ့ မိုဒီရဲ့ အခန်းကဏ္ဍကို ဇောင်းပေး ဖော်ပြထားတာပါ။

“India: The Modi Question” မှတ်တမ်းရုပ်ရှင်ကို အိန္ဒိယအစိုးရက ပြီးခဲ့တဲ့လက တားမြစ်ခဲ့တာဖြစ်ပြီး ဒီမှတ်တမ်းဟာ ယုံကြည်ကိုးစားမှုကို ပျက်ပြားစေတဲ့ ပုံဖော်ထားမှု ဖြစ်တယ်လို့ ပြောကြားပြီး ဒါကို တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ လူမှုမီဒီယာမှာ မျှဝေတာကိုလည်း ပိတ်ပင်ထားပါတယ်။

အဲဒီအဓိကရုဏ်းတွေမှာ အနည်းဆုံး လူ ၁,၀၀၀ လောက် သေဆုံးခဲ့ပြီး အများစုမှာ မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီအရေအတွက်ထက် ၂ ဆကျော်လောက် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

ဘီဘီစီသတင်းဌာနက သူ့ရဲ့မှတ်တမ်းရုပ်ရှင်အတွက် သတင်းပေးပို့ချက်အပေါ် ရပ်တည်ခဲ့ပါတယ်။ ဘီဘီစီအနေနဲ့ အိန္ဒိယအခွန်အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဖေဖော်ဝါရီ ၁၄ ရက်မှာ ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Up