နယူးဇီလန် လေယာဉ်မှူးကို ပါပူဝါခွဲထွက်ရေးသမားများက ဓားစာခံအဖြစ် ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံရဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ပါပူဝါဒေသရှိ ခွဲထွက်ရေးသမားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နယူးဇီလန် လေယာဉ်မှူးရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြသလိုက်ပါတယ်။
ကျန်းမာရေးကောင်းမွန်ပေမဲ့ အာဏာပိုင်တွေက အဲဒီနယ်မြေရဲ့ လွတ်လပ်ရေးကို အသိအမှတ် မပြုခင်အထိ လေယာဉ်မှူးကို လွှတ်ပေးမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က Susi Air လေကြောင်းလိုင်းမှ ပျံသန်းလာတဲ့ လေယာဉ်တစင်းဟာ ဝေးလံခေါင်သီတဲ့ ပါပူဝါရဲ့ ကုန်းမြင့်ဒေသ ဒူးဂါမှာ ဆင်းသက်ခဲ့ပြီးနောက် လေယာဉ်မှူး ဖှိလစ်ပ် မေယာတန်စ်ကို အနောက်ပါပူဝါ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TPNPB) အဖွဲ့ဝင် တိုက်ခိုက်ရေးသမားတွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။
ရိုက်တာအနေနဲ့ ဒီပုံတွေရဲ့စစ်မှန်မှုကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေမဲ့ မေယာတန်စ်ရဲ့ အမည်မဖော်လိုသူ မိတ်ဆွေတဦးကတော့ ဒါဟာ လေယာဉ်မှူး မေယာတန်စ် ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး မိုဟာမဒ်မာဖွှဒ်မာမိုဒင်က မေယာတန်စ်ရဲ့ လွတ်မြောက်မှုကို အာမခံကြောင်း ဖေဖော်ဝါရီ ၁၃ ရက် နှောင်းပိုင်းက ဗီဒီယိုတခုမှာ ကတိပြုခဲ့ပါတယ်။
နယူးဇီလန် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း သူတို့ဟာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို သိရှိကြောင်း ပြောကြားပေမဲ့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။