မြင့်မားသည့် ပြောင်းရွှေ့ကြေးရပါက မာတီနက်ဇ်ကို ရောင်းထုတ်ရန် ဗီလာအသင်း ဆုံးဖြတ်

4
အက်စ်တွန်ဗီလာအသင်းဟာ ဂိုးသမား မာတီနက်ဇ်အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေး ရရှိမယ်ဆိုရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ရာမှာ သူရဲကောင်းတဦးဖြစ်ခဲ့တဲ့ မာတီနက်ဇ်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမား စကာတင်စာရင်းမှာလည်း ပါဝင်နေတာပါ။
မာတီနက်ဇ်ကိုယ်တိုင်ကလည်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင်တဲ့ဆန္ဒရှိတာကြောင့် ထိပ်တန်းအသင်းကြီးတသင်းက ကမ်းလှမ်းမယ်ဆိုရင် ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။
နည်းပြ အူနိုင်းအမ်မရီ အနေနဲ့လည်း မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောင်းချပြီး လာမယ့်ရာသီအတွက် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဗီလာအသင်းဟာ မာတီနက်ဇ်ကို ၂၀၂၀ ပြည့်နှစ်က အာဆင်နယ်ဆီကနေ ပေါင် ၁၆ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။