ထိုင်းနိုင်ငံကိုလာရောက်မည့် နိုင်ငံခြားသား ခရီးသည်များအား အခွန်ကောက်မည်

ထိုင်းနိုင်ငံ အမျိုးသားခရီးသွားလာရေးမူဝါဒကော်မတီရဲ့ အဆိုတင်သွင်းမှုအရ ထိုင်းနိုင်ငံကို လာရောက်မယ့် ခရီးသွားတဦးကို ဘတ် ၁၅၀ ကနေ ဘတ် ၃၀၀ အထိ အခွန်ကောက်ခံမယ့် အဆိုပြုချက်ကို ထိုင်းအစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်မှာ ခွင့်ပြုပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံကို လေကြောင်းနဲ့လာရောက်တဲ့ ခရီးသွားတဦးကို ဘတ် ၃၀၀ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၇ ဒေါ်လာ)၊ ရေကြောင်းနဲ့ ကုန်းလမ်းက လာရောက်တဲ့ ခရီးသွားတဦးကို ဘတ် ၁၅၀ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၅ ဒေါ်လာ) ကောက်ခံမှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ကောက်ခံသွားမယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။
အခွန်ကောက်ခံတဲ့နေရာမှာ အမျိုးသားခရီးသွားလာရေးမူဝါဒဥပဒေအရ တရားဝင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်မယ့် နိုင်ငံခြားသား အလုပ်သမားတွေနဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေအပြင် ထပ်ဆင့်အကူးအပြောင်း ခရီးသွားတွေကိုလည်း ကောက်ခံသွားမှာဖြစ်ပြီး ကောက်ခံရရှိတဲ့ အခွန်တွေကို ဒေသတွင်း ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိုင်းနိုင်ငံမှာရှိနေတဲ့အချိန် အဲဒီနိုင်ငံခြားသား ခရီးသွားတွေရဲ့ အာမခံအတွက် အသုံးပြုသွားမယ်လို့ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားကဏ္ဍဟာ ကိုဗစ် -၁၉ ကပ်ရောဂါအပြီး ပြန်လည်ဦးမော့လာခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားသားခရီးသွား ၁၁ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ထိုင်းနိုင်ငံ ခရီးသွားမှတ်တမ်းတွေအရ သိရပါတယ်။