close

ကိယက်ဗ်မြို့ပေါ် ပျံသန်းလာသည့် ရုရှားမိုးပျံဘောလုံး ၆ လုံးကို ယူကရိန်းပစ်ချ

ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်ရဲ့ ကောင်းကင်ယံမှာ ရုရှားမိုးပျံဘောလုံး ၆ လုံးကို တွေ့လို့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေက ပစ်ချခဲ့တယ်လို့ ယူကရိန်းမြို့တော် စစ်တပ်ကွပ်ကဲရေးရုံးက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

ဘောလုံးတွေမှာ ရောင်ပြန်အလင်းပြန်ကိရိယာတွေနဲ့ ကင်းထောက်ကိရိယာတွေ တပ်ဆင်ထားနိုင်လို့ ဗုဒ္ဓဟူးနေ့က ကိယက်ဗ်မြို့တော်မှာ လေကြောင်းသတိပေး ဥဩသံတွေ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားဟာ သူ့ရဲ့ ကင်းထောက်ဒရုန်းယာဉ်တွေ အရေအတွက်ကို ထိန်းထားဖို့ မိုးပျံဘောလုံးတွေကို မောင်းသူမဲ့လေယာဉ်တွေနေရာမှာ အသစ်အစားထိုးသုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ယူကရိန်းလေတပ်ပြောခွင့်ရ ယူရီ အင်းနတ်ထ်က ပြောပါတယ်။

“ဒီဘောလုံးတွေနဲ့ အလင်းပြန်ကိရိယာတွေကို ပစ်ချဖို့ ရန်သူဟာ ကျနော်တို့တပ်တွေကို ကျနော်တို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ၊ အင်အားတွေနဲ့ နည်းလမ်းတွေ ထုတ်သုံးစေချင်နေတယ်” လို့လည်း သူက ယူကရိန်းရုပ်သံကနေ ပြောပါတယ်။

ရုရှားကတော့ ကိယက်ဗ်မြို့တော်အပေါ် ဖြတ်ပျံခဲ့တဲ့ မိုးပျံဘောလုံးတွေအကြောင်း မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။

Up