တောင်ကိုရီးယားအဆိုတော် အဲရစ်နမ်၏ စကတ်ဖက်ရှင် ပရိသတ်အကြား ရေပန်းစား

တောင်ကိုရီးယား တေးရေးနဲ့ အဆိုတော်တဦးဖြစ်တဲ့ အဲရစ်နမ်ရဲ့ စကတ်ဝတ်ဆင်တဲ့ ဖက်ရှင်ဟာ သူ့ရဲ့ ပရိသတ်တွေအကြား ရေပန်းစားနေပြီး ကျား/မ မခွဲခြားကြောင်း သူ့ရဲ့ ဖက်ရှင်ကျနစွာ ဝတ်စားဆင်ယင်မှုနဲ့ သက်သေပြခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ 2023 New York Fashion Week ရဲ့ လေးရက်မြောက်နေ့ကို အမေရိကန် ဖက်ရှင်ဒီဇိုင်နာ သွမ်ဘရောင်းက တောင်ကိုရီးယား တေးရေးနဲ့ အဆိုတော် အဲရစ်နမ်ကို ပွဲတက်ဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ အဲရစ်နမ်တယောက် စကတ်ဝတ်ဆင်ပြီး တတ်ရောက်ခဲ့တာကို တွေ့မြင်ခဲ့ကြတာပါ။
လူအများဆုံး အာရုံစူးစိုက်မှုရရှိခဲ့တဲ့ အဲရစ်နမ်ဟာ အဖြူရောင်ရှပ်လက်ရှည်ကို ကာဒီဂန်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး အပေါ်ကနေ ဂျာကင်တထည်ကို သပ်ရပ်စွာ ဝတ်ဆင်ထားရုံမကဘဲ အမျိုးသားဝတ် ဘောင်းဘီအစား စကတ်ကို ဝတ်ဆင်ခဲ့တာကြောင့် ဒီဖက်ရှင်ပွဲတော်မှာ သူ့ရဲ့ စကတ်ဖက်ရှင်နဲ့ အားလုံးဆီက အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
တောင်ကိုရီးယား တေးရေးနဲ့ အဆိုတော် အဲရစ်နမ်ဟာ စကတ်ဝတ်ဆင်ထားတဲ့ သူ့ရဲ့ ဓာတ်ပုံတချို့ကို သူ့ရဲ့ ကိုယ်ပိုင် အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပြီး “စကတ်ခေတ် စတင်နေပြီ” လို့လည်း ရေးခဲ့ပါတယ်။
2023 New York Fashion Week မှာ အဲရစ်နမ်ရဲ့ ရဲရင့်ပြီး ယုံကြည်ချက်ရှိတဲ့ ဝတ်စုံရွေးချယ်မှုဟာ ဖက်ရှင်လောကမှာ ဂျန်ဒါအားလုံး ပါဝင်နိုင်မှုနဲ့ ကျားမ ကွဲပြားမှုတွေအတွက် ထိရောက်တဲ့ ပြယုဂ်တခု ဖြစ်ခဲ့ပါတယ်။
ဖက်ရှင်ဟာ လူမှုစံနှုန်းတွေကို စိန်ခေါ်ဖို့အပြင် မိမိကိုယ်ကို မြှင့်တင်ဖို့အတွက်ပါ အစွမ်းထက်တဲ့ ကဏ္ဍတခု ဖြစ်တဲ့အတွက် အဲရစ်နမ်ဟာ ပရိသတ်များစွာရဲ့ ချီးကျူးမှုကို ခံယူခဲ့ရသလို သတင်းခေါင်းကြီးပိုင်းတွေမှာလည်း ဖော်ပြခံခဲ့ရပါတယ်။
အဲဒီပွဲမှာ တောင်ကိုရီးယား လူငယ်အဆိုတော်အဖွဲ့ NCT က အဖွဲ့ဝင် ဂျွန်နီကိုလည်း ပွဲတက်ဖို့ ဖိတ်ခေါ်ခံခဲ့ရပြီး တောင်ကိုရီးယား အနုပညာရှင်နှစ်ဦးစလုံးဟာ ဒီဇိုင်နာ သွမ်ဘရောင်းရဲ့ ဒီဇိုင်းတွေနဲ့ လူအများရဲ့ အာရုံစိုက်မှု ရယူနိုင်ခဲ့ပြီး အဆိုပါဖက်ရှင်ပွဲတော်ကို Lil Nas X၊ Queen Latifah၊ Pusha T၊ ICE SPICE နဲ့ တခြားနာမည်ကျော်တွေလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။