ရုရှား-ယူကရိန်းစစ်ပွဲက မြောက်ကိုရီးယားအတွက် အခွင့်အလမ်းဖြစ်နေ

ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုနဲ့ စစ်ပွဲကို တကမ္ဘာလုံးက အာရုံစိုက်မှုဟာ မြောက်ကိုရီးယားကို တာဝေးပစ်ဒုံး ကျည်ပစ်လွှတ်စမ်းသပ်ဖို့ တွန်းအားပေးနေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဂျင်းက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၁ ရက်နောက်ပိုင်း မြောက်ကိုရီးယားရဲ့ ပထမဆုံး ဒုံးကျည် ပစ်လွှတ်မှုဟာ နောက်ထပ် ရန်စဖို့ ရည်ရွယ်ချက်ရှိနေတာ ရှင်းရှင်းလင်းလင်း အချက်ပြခဲ့တယ်လို့ မြူးနစ် လုံခြုံရေး ညီလာခံအတွင်း ပါ့ခ်က ပြောပါတယ်။
“မြောက်ကိုရီးယားအနေနဲ့ အချိန်မရွေးဖြစ်လာနိုင်တဲ့ သတ္တမမြောက် နျူကလီးယားစမ်းသပ်မှုကို ဆက်လုပ်မယ်ဆိုရင် ဒါဟာ မြောက်ကိုရီးယားက နည်းဗျူဟာမြောက် နျူကလီးယား ဒုံးကျည်တွေကို တီထွင်အသုံးချနိုင်တယ်ဆိုတဲ့ သဘောနဲ့ ကစားပွဲ အပြောင်းအလဲ တခုဖြစ်လာမှာပါ” လို့လည်း ပတ်ခ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်က ဒုံးကျည်ကို ပြုံယမ်းမြို့တော်နားက ဆူနန်ဒေသ ကနေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ဆူနန်ဟာ မြောက်ကိုရီးယားရဲ့ မကြာသေးမီက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ICBM တွေ စမ်းသပ်မှုအများစုကို လုပ်ခဲ့တဲ့ ပြုံယမ်းအပြည်ပြည်ဆိုင်ရာ လေဆိပ်နားက နေရာဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ နျူလက်နက်အစီအစဉ်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အောက်မှာ ပိတ်ပင်ထားတာပါ။
ဒါပေမယ့် “အမေရိကန်အစိုးရနဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ ရန်လိုတဲ့ မူဝါဒတွေကို တန်ပြန်ဖို့ မြောက်ကိုရီးယားက လက်နက်တွေ တီထွင်ဖန်တီးနေဖို့ လိုအပ်တယ်” လို့ မြောက်ကိုရီးယား အစိုးရက ပြောထားပါတယ်။