ဆယ်စုနှစ်ကြာ အမေရိကန်၏ ပိတ်ဆို့ခဲ့မှု မအောင်မြင်ဟု အီရန် သမ္မတပြော

အီရန်အပေါ် ဆယ်စုနှစ်များစွာကြာအောင် ပိတ်ဆို့အရေးယူရင်း အီရန်ပြည်သူတွေရဲ့ ဇွဲလုံ့လကို လျှော့တွက်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုဟာ အတွက်အချက် မှားခဲ့တယ်လို့ အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီက ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်မှာ အီရန်နိုင်ငံဟာ သူ့ရဲ့ ၁၉၇၉ အစ္စလာမ္မစ် တော်လှန်ရေး အောင်ပွဲရ ၄၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုခဲ့ပါတယ်။
ဒီနှစ်တွေအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်တွေနဲ့အတူ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တကျော့ပြီး တကျော့ ကြိမ်ဖန်များစွာ ချမှတ်ခဲ့ပြီး ကျန်နိုင်ငံတကာ အသိုက်အဝန်းနဲ့ အီရန်ကို ခွဲထုတ်ထားခဲ့ပါတယ်။
တရုတ်မြို့တော် ဘေဂျင်းမြို့ဆီ မကြာသေးမီက လာရောက်လည်ပတ်ခဲ့တဲ့ ရိုင်စီကို China Media Group (CMG) က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ရိုင်စီက ခုလို ပြောခဲ့တာပါ။
အမေရိကန်ဟာ ဆယ်စုနှစ်များစွာကြာ ပိတ်ဆို့အရေးယူခဲ့ပေမဲ့ အီရန်မှာ အမေရိကန် လိုချင်တဲ့ အရာက မအောင်မြင်ဘဲ ပျက်ကွက်ခဲ့တယ်လို့ ရိုင်စီက ပြောပါတယ်။
နိုင်ငံတိုင်းက ပိတ်ဆို့အရေးယူမှုတွေက အီရန်အစိုးရကို ပစ်မှတ်ထားပေမယ့် ဒုက္ခရောက်ခဲ့ရတာ ပြည်သူတွေပဲလို့ သူက ဆက်ပြောပါတယ်။
“အမေရိကန်က အီရန်ကို လက်စားချေဖို့ ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ အီရန်ပြည်သူတွေ က လွန်ခဲ့တဲ့ ၄၄ နှစ်တာ ကာလအတွင်း အမေရိကန်ကို ရှုံးနိမ့်မှုကို ခါးခါးသီးသီး မြည်းစမ်းခိုင်းခဲ့လို့ပဲ၊ အီရန်ပြည်သူတွေဟာ သူတို့ရဲ့ အိုးအိမ်နဲ့ နိုင်ငံကို ကာကွယ်ဖို့ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေကြတယ်” လို့ ရိုင်စီက ပြောပါတယ်။
“သူတို့ အမေရိကန် နိုင်ငံရေးသမားတွေ က ဒီတစ်နှစ်ခွဲ ဒါမှမဟုတ် ဒီနှစ်ဝက်အတွင်း အီရန်အစိုးရ ပြိုကွဲသွားသလို အဓိပ္ပာယ်မဲ့ ပြောကြလိမ့်မယ်၊ ၄၄ နှစ်တောင် ကြာခဲ့ပြီ၊ ကျနော်တို့ရဲ့ လူငယ်တွေက ပိတ်ဆို့အရေးယူမှုတွေကို ဖွံ့ဖြိုး တိုးတက်ရေး အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲခဲ့ပြီး ဒီနေ့အီရန်ဟာ နယ်ပယ်အားလုံးမှာ ထူးထူးခြားခြား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်” လို့ ရိုင်စီက ဆိုပါတယ်။
အမေရိကန်မှာ ရီပတ်ဘလီကန်သမ္မတ တဦးကနေ ဒီမိုကရက်တစ်သမ္မတ တဦးအဖြစ် ပြောင်းလဲခဲ့ပေမဲ့ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ဟာ ဒေါ်နယ်ထရမ့် ချမှတ်ထားတဲ့ အီရန်မူဝါဒကို ပြောင်းပြန်လှန်ဖို့ ဘာမှမလုပ်ဆောင်ခဲ့ဘူးလို့ ဆိုပါတယ်။