ရေတပ်ကာကွယ်ရေးနှင့် ရေကြောင်းလုံခြုံရေးပြပွဲတက်ရန် တရုတ်ရေတပ် ယူအေအီးကို ရောက်ရှိ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်က ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ ဖျက်သင်္ဘော နန်နင်းဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမယ့် ရေတပ် ကာကွယ်ရေးနဲ့ ရေကြောင်းလုံခြုံရေးပြပွဲ NAVDEX ကို တက်ရောက်ဖို့ အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ အဘူဒါဘီမြို့ကို ဖေဖော်ဝါရီ ၁၇ ရက်က ရောက်လာပါတယ်။
အဲဒီမနက်ပိုင်းက ယူအေအီးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းယိမင်၊ UAE စစ်ဘက်အရာရှိတွေ၊ ယူအေအီးမှာရှိတဲ့ တရုတ်အသိုက်အဝန်းက ကိုယ်စားလှယ်တွေ အပါအဝင် လူ ၅၀၀ လောက်ဟာ တရုတ်ရေတပ်သင်္ဘော နန်နင်း ဆိုက်ရောက်လာတာကို ကြိုဆိုဖို့ Abu Dhabi မြို့တော်က ဇာယဒ် ဆိပ်ကမ်းမှာ စုဝေးခဲ့ကြပါတယ်။
ရေတပ်သင်္ဘော နန်နင်း ဆိပ်ကမ်းကို ချဉ်းကပ်လာချိန်မှာ ယူအေအီး ရေတပ် တီးဝိုင်းက ရိုးရာတေးဂီတနဲ့ ကျော်ကြားတဲ့ တရုတ်ရိုးရာသီချင်း “စံပယ်ပန်း” ကို တီးခတ်ခဲ့ကြပါတယ်။
နန်နင်းဟာ ယူအေအီးစစ်တပ်ရဲ့ ဖိတ်ကြားချက်အရ လာခဲ့တာပါ။ ပြပွဲအတွင်း တရုတ်ရေတပ် သင်္ဘောက အရာရှိတွေနဲ့ အမျိုးသားတွေဟာ နှီးနှောဖလှယ်ပွဲတွေ၊ အပြန်အလှန်လည်ပတ်မှုတွေ၊ အားကစား ပြိုင်ပွဲတွေ၊ UAE ရေတပ်နဲ့ တခြား ချစ်ကြည်ရင်းနှီးဖလှယ်ရေး လှုပ်ရှားမှုတွေကို တခြားနိုင်ငံက သင်္ဘောတွေ နဲ့အတူ ပါဝင်ဆင်နွှဲကြမှာပါ။
ပွဲလမ်းသဘင်တွေကို အများပြည်သူအတွက် ဖွင့်လှစ်ထားပါတယ်။ အဘူဒါဘီ ခရီးစဉ်မတိုင်မီ နန်နင်းဟာ ပါကစ္စတန်ရေတပ်က စီစဉ်ကျင်းပတဲ့ အာမန် (Peace)-23 နိုင်ငံစုံရေတပ် လေ့ကျင့်ရေးမှာ ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၄ ရက်အထိ ပါဝင်ခဲ့ပါတယ်။