close

ကြေးစားတိုက်ခိုက်ရေးသမားများအတွက် ခဲယမ်းထုတ်ပေးရန် ငြင်းခံရဟု ဝဂ္ဂနာကြေးစားတပ် တည်ထောင်သူ ပြော

ရုရှားကြေးစားစစ်သည် ငှားရမ်းရေးကုမ္ပဏီ ဝဂ္ဂနာကို တည်ထောင်သူ ယက်ဗ်ဂေညီ ပရီဂေါ့ရှင်က ဘယ်သူဘယ်ဝါ ထုတ်မပြောတဲ့ အရာရှိတွေဟာ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေ အတွက် လုံလောက်တဲ့ ခဲယမ်းမီးကျောက်တွေ ထုတ်ပေးဖို့ တမင်သက်သက် ငြင်းခဲ့တယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဒါဟာ ပရီဂေါ့ရှင်နဲ့ ရုရှား ရေပေါ်ဆီ အစိတ်အပိုင်းတွေကြားက ဖြစ်ပွားနေဆဲ ပြိုင်ဆိုင်မှု အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

မနှစ်က ယူကရိန်းစစ်ပွဲ စတည်းက ရုရှားနိုင်ငံရေးမှာ လူသိရှင်ကြား ပိုဖြစ်လာတဲ့ အခန်းကဏ္ဍကို ပရီဂေါ့ရှင်က မှန်းနေပြီး ယူကရိန်းရဲ့ ဒွန်းနက်စ်ဒေသက ဘတ်မွတ်မြို့အတွက် လချီတိုက်ပွဲတွေအတွင်း သူ့ရဲ့ ဝဂ္ဂနာအုပ်စုက ဦးဆောင်နေတာပါ။

သူ့တပ်သားတွေအတွက် ခဲယမ်းမီးကျောက် လုံလောက်အောင်ထုတ်ပေးဖို့ တောင်းပန်ဖို့နဲ့ နာခံဖို့ လိုခဲ့တယ်လို့ ဒေါသထွက်ပြီး ခံစားချက် ပြင်းထန်နေပုံရတဲ့ ပရီဂေါ့ရှင်က ၇ မိနစ် ကြာတဲ့ အသံဖိုင်ကို သူ့ရဲ့ ပြန်ကြားရေးဌာနကနေ ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။

အသံမြင့်တက်လာသလို မကြာခဏ ကျိန်ဆိုနေတဲ့ ပရီဂေါ့ရှင်က “ကျနော့်ရဲ့ အဆက်အသွယ်တွေနဲ့ အသိအကျွမ်းတွေ အားလုံးရှိပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်မတတ်နိုင်ဘူး” လို့လည်း ပြောထားပါတယ်။

ရုရှားစစ်တပ်ရဲ့ ထုတ်လုပ်ရေးဟာ ရှေ့တန်းမှာတိုက်နေတဲ့ တပ်တွေကို ထောက်ပံ့ဖို့ အခုတော့ လုံလောက်နေခဲ့ပြီး သူ့ရဲ့တိုက်ခိုက်ရေးသမားတွေ ကြုံတွေ့ခဲ့ရတဲ့ ထောက်ပံ့ရေး အခက်အခဲတွေက ဆုံးဖြတ်ချက်တွေရဲ့ ရလဒ်တွေလို့ ပရီဂေါ့ရှင်က ပြောပါတယ်။

Up