close

ရုရှားသင်္ဘောကို နယ်သာလန်မောင်းထုတ်

ရုရှားဟာ လတ်တလောလတွေအတွင်း မြောက်ပင်လယ်ရဲ့ နယ်သာလန်နိုင်ငံဘက်အခြမ်းက အရေးပါတဲ့ အခြေခံအဆောက်အဦတွေကို နှောင့်ယှက်ဖျက်ဆီးဖို့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စုဆောင်းဖို့ ကြိုးစားနေတယ်လို့ နယ်သာလန် စစ်ထောက်လှမ်းရေးအေဂျင်စီ MIVD က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

မြောက်ပင်လယ်ထဲက ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ လေအားလျှပ်စစ် ဓာတ်အားပေးလုပ်ငန်း နားမှာ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦကို မြေပုံထုတ်ဖို့ ကြိုးစားနေတဲ့ ရုရှားသင်္ဘော တစီးကို စုံစမ်းထောက်လှမ်းနိုင်ခဲ့တယ်လို့ MIVD ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ယန်စဝယ်လန်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘယ်လိုနှောင့်ယှက်ဖျက်ဆီးမယ့် အားထုတ်မှုမှ မအောင်မြင်ခင် ရုရှားသင်္ဘောကို နယ်သာလန်နိုင်ငံ ကမ်းတက်တပ်ဖွဲ့နဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တွေရဲ့ သင်္ဘောတွေက ခြံရံပြီး မြောက်ပင်လယ်ထဲကနေ ပြန်ထွက်ခိုင်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နယ်သာလန် ထောက်လှမ်းရေးအေဂျင်စီ MIVD နဲ့ AIVD တို့ ဖေဖော်ဝါရီ ၂၀ ရက် ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မရှိမဖြစ် အရေးပါတဲ့ ကမ်းလွန် အခြေခံအဆောက်အဦတွေဖြစ်တဲ့ အင်တာနက် ကေဘယ်လ်ကြိုးတွေ၊ ဓာတ်ငွေ့ပိုက်လိုင်း တွေနဲ့ လေအားလျှပ်စစ်ထုတ်တဲ့ လုပ်ငန်းတွေဟာ ရုရှားရဲ့ အဖျက်အမှောက် လှုပ်ရှားမှုတွေအတွက် ပစ်မှတ်ဖြစ်လာနေတယ်လို့ ပြောထားပါတယ်။

ရုရှားဟာ သံတမန်မျက်နှာဖုံးအောက်မှာ ထောက်လှမ်းရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်နေတယ်လို့ နယ်သာလန်အစိုးရက စွပ်စွဲပြီး အရေအတွက် မဖော်ပြတဲ့ ရုရှားသံတမန်တွေကို နှင်ထုတ်မယ်လို့ စနေနေ့က ပြောပါတယ်။

ဒါ့အပြင် အမ်စတာဒမ်မြို့တော်က ရုရှားရဲ့ ကုန်သွယ်ရေးရုံးကို ပိတ်ဖို့ နယ်သာလန်အစိုးရက အမိန့်ထုတ်ခဲ့ပြီး ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာရှိတဲ့ နယ်သာလန် ကောင်စစ်ဝန်ရုံးကို ပိတ်မယ်လို့လည်း ပြောခဲ့ပါတယ်။

Up