ဘရာဇီးလ်တွင် ရေကြီးမြေပြိုသဖြင့် လူ ၃၆ ဦး သေဆုံး

ဘရာဇီးလ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းသည်းထန်ထန်ရွာလို့ ရေကြီးမြေပြိုခဲ့တဲ့အတွက် လူ ၃၆ ဦးသေဆုံးပြီး ရာနဲ့ချီ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆော်ပေါ်လိုပြည်နယ် အာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေကလည်း ဒုက္ခရောက်နေသူတွေကို ဆက်လက်ရှာဖွေနေသလို လမ်းတွေကိုရှင်းလင်းကာ ဝေးလံခေါင်သီတဲ့ ရပ်ရွာတွေနဲ့ ပြန်လည်ချိတ်ဆက်ဖို့ ကြိုးပမ်းနေကြပါတယ်။
ဒါ့အပြင် တချို့လမ်းတွေက ပိတ်ဆို့နေဆဲဖြစ်တာကြောင့် ဘရာဇီးလ်နိုင်ငံရဲ့ ပွဲတော်ကြီးတခုဖြစ်တဲ့ ကာနီဗယ်ကို လာရောက်လည်ပတ်ခဲ့ကြတဲ့ ခရီးသွားတွေလည်း ပိတ်မိနေကြပြီး အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
ဆော်ပေါ်လိုပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာတော့ ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းဒေသတလျှောက်မှာ ထိခိုက်ပျက်စီးသွားတဲ့ လမ်းမကြီးတွေနဲ့အတူ ရေလွှမ်းမိုးနေဆဲဖြစ်တဲ့ လမ်းသွယ်တွေကိုသာ တွေ့ရပါတယ်။
မိုးလေဝသခန့်မှန်းချက်တွေအရ ဆော်ပေါ်လိုပြည်နယ်ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးဆက်သည်းမယ့် အခြေအနေရှိတာကြောင့် အရပ်ဘက်ကာကွယ်ရေးနဲ့ မီးသတ်ဌာနက ကယ်ဆယ်ရေးအဖွဲ့တွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်လာပြီး သေဆုံးသူဦးရေ ပိုမိုများစေမယ့် အလားအလာကိုလည်း မြင့်တက်စေပါတယ်။
ဖက်ဒရယ်အစိုးရကတော့ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အပြင် အခြေခံအဆောက်အဦတွေ ပြန်လည် လည်ပတ်နိုင်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ ဝန်ကြီးဌာန အများအပြားကို အသီးသီးနေရာချထားဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။
ဆော်ပေါ်လိုပြည်နယ်က မြို့ကြီး ၆ မြို့မှာတော့ ရက် ၁၈ဝ ကြာ ပြည်နယ်အရေးပေါ် အခြေအနေ ကြေညာထားပြီး ကျွမ်းကျင်သူတွေကတော့ ဒီဖြစ်ရပ်ကို မကြံစဘူး ပြင်းထန်တဲ့ ရာသီဥတုဆိုင်ရာ ဖြစ်ရပ်တခုအဖြစ် သုံးနှုန်းဖော်ပြခဲ့ကြပါတယ်။