မက္ကဆီကိုတွင် ရွှေ့ပြောင်းနေထိုင်သူများ တင်လာသည့်ဘတ်စ်ကား မှောက်၊ ၁၇ ဦးသေဆုံး

ဗင်နီဇွဲလား၊ ကိုလံဘီယာနဲ့ ဗဟိုအမေရိကတို့က ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ မက္ကဆီကိုအလယ်ပိုင်းမှာ မှောက်သွားလို့ လူ ၁၇ ယောက် သေဆုံးခဲ့ကြောင်း ပွေဘလာပြည်နယ် အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောပါတယ်။
ခရီးသည် ၄၅ ဦး လိုက်ပါလာတဲ့ ဘတ်စ်ကားတစီးဟာ မြောက်ဘက်ကို ဦးတည်သွားနေတာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ပွေဘလာပြည်နယ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဟူလီယို ဟွာရ်တာက သတင်းထောက်တွေကို ပြောပါတယ်။
မတော်တဆမှုဖြစ်တဲ့အချိန်မှာ လူ ၁၅ ယောက် ပွဲချင်းပြီး သေဆုံးသွားပြီး နောက်ထပ် ၁၅ ဦးကို ဆေးရုံတင်ထားရကာ ၂ ဦးက သေဆုံးသွားကြောင်းနဲ့ ကျန် ၅ ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်းလည်း ပြောပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူ ဘယ်လောက်က ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်တယ်လို့ အတိအကျ မပြောထားဘဲ မက္ကဆီကို ရွှေ့ပြောင်းနေထိုင်ရေး အဖွဲ့အစည်းက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
ရွှေ့ပြောင်းအခြေချသူတွေဟာ မက္ကဆီကိုနယ်စပ်ကို ဖြတ်သန်းဖို့ အန္တရာယ်ရှိတဲ့ လမ်းကြောင်းတွေကို မကြာခဏ အသုံးပြုလေ့ရှိပါတယ်။