close

ထိုင်းတွင် လိမ်လည်မှုများဖြင့် တရုတ်လုပ်ငန်းရှင်သူဌေး ၁ ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲမှာ ရဲအရာရှိတွေနဲ့ပူးပေါင်းပြီး တရားမဝင်လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ တုဟောင်နဲ့တကွ တခြား မာဖီးယားဂိုဏ်းဝင်တွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ခုရက်ပိုင်းအတွင်း နောက်ထပ် တရုတ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ  တယောက်ကို ထိုင်းရဲက ထပ်မံဖမ်းဆီးလိုက်ပါတယ်။

အသက် ၆၀ နှစ်အရွယ်ရှိ ယူစင်းချီဆိုသူ တရုတ်နိုင်ငံသားဟာ ထိုင်းနိုင်ငံမှာ ပင်စင်စားဗီဇာနဲ့ နေထိုင်နေပြီး ထိုင်းကျိကုန်းအာဆီယံတရုတ်အသင်း ထူထောင်ထားသလို မွန်းထုန်းဆန်းချိ ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်ကြောင်း၊ သူ့ရဲ့အသင်းနဲ့ ဖောင်ဒေးရှင်းမှာ အဖွဲ့ဝင် ၅၀၀ ကျော်ရှိပြီး ထိုင်းမှာ ကြာကြာနေရဖို့ ဖောင်ဒေးရှင်းအမည်နဲ့ ဗီဇာလျှောက်ထားကြပေမဲ့ တကယ်တမ်း အမည်ခံသာဖြစ်ပြီး လူမနေတဲ့တိုက်ခန်းတွေ အယောင်ပြ အသုံးချတာတွေ ရှိနေတယ်လို့ Move Forward Party လွှတ်တော်ကိုယ်စားလှယ် နိုင်းရန်းဆီမန်းရုမ်းက လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။

ဒါ့အပြင် ယူစင်းချီဟာ ထိုင်းရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ လက်ရှိအာဏာရ PPRP ပါတီလွှတ်တော်အမတ်၊ တော်ဝင်အနွယ်တွေနဲ့ အတူတကွ ဓာတ်ပုံတွဲရိုက်ကာ သူ့ဖောင်ဒေးရှင်းဟာ ထိုင်းအာဏာပိုင်တွေ၊ အနွယ်တော်တွေနဲ့ နီးစပ်တယ်လို့ ကြွားဝါပြီး အမြတ်ထုတ်လေ့ရှိကြောင်း၊ အထူးသဖြင့် တရုတ်ပြည်မကြီးကလူတွေကို ထိုင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ရှယ်ယာဝင်ဖို့ လိမ်လည်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ဒါ့အပြင် တရုတ်မာဖီးယားဂိုဏ်းအကြောင်း စုံစမ်းဖော်ထုတ်နေတဲ့ လွှတ်တော်အမတ်ဟောင်း နိုင်းကမွန်ဝိဆစ်ကလည်း ယူစင်းချီနဲ့ အပေါင်းပါတွေကို တရားမဝင်အသင်းထူထောင်မှု၊ ထိုင်းအစိုးရဝန်ထမ်းနဲ့ တော်ဝင်မိသားစုအမည်ကို အလွဲသုံးစားလုပ်မှု၊ ကွန်ပြူတာဥပဒေနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၁၂ အရ အရေးယူဖို့၊ ဘန်ကောက် ဝမ်းထောင်းလုန်နယ်မြေ ဆီဝရားလမ်းထဲက ဟောင်ကောင်မာဖီးယားနဲ့ ဆက်နွှယ်တဲ့ 14 K အဖွဲ့ အိမ်ရာတွေလည်း စစ်ဆေးဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် စူရချေ့ဟတ်ဖန်းထံ သွားရောက် တိုင်ကြားခဲ့ပါတယ်။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက လိုအပ်သလို စုံစမ်းစစ်ဆေးပြီး ယူစင်းချီကို ဘန်ကောက် ဆိုင်မိုင်နယ်မြေရှိ အဆင့်မြင့်အိမ်ရာ တိုက်တလုံးမှာ ဖေဖော်ဝါရီ ၁၇ ရက်က သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

သူ့ကို နန်းလိုင်းနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားမဝင်ဖောင်ဒေးရှင်းထူထောင်မှု၊ တော်ဝင်နွယ်အမည် အလွဲသုံးစားမှု၊ လိမ်လည်မှုတွေနဲ့ စွဲချက်တင်ထားပြီး ဗီဇာကိုလည်း သိမ်းဆည်းလိုက်ကြောင်း၊ ပြစ်ဒဏ်ချမှတ်ပြီးပါက ပြည်နှင်ဒဏ်ပေးဖို့ရှိတယ်လို့ ဒုရဲချုပ် စူရချေ့ ဟတ်ဖန်းက ပြောပါတယ်။

တရုတ်နိုင်ငံသားတယောက်အနေနဲ့ ခုလို ဖောင်ဒေးရှင်းကိစ္စ၊ ဗီဇာကိစ္စတွေ ဆောင်ရွက်နေနိုင်တာဟာ ထိုင်းနိုင်ငံသားတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ အကူအညီ မပါဘဲနဲ့ လုပ်ဆောင်ရ မလွယ်ကူကြောင်း၊ ဒါကြောင့် အားပေးကူညီသူတွေ၊ အကျိုးအမြတ် ခွဲဝေသူတွေကို ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့ ဒုရဲချုပ်က ပြောသွားပါတယ်။

Up