close

ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းအရပ်သား ၈,၀၀၀ ကျော် သေဆုံး

လွန်ခဲ့တဲ့ တနှစ်နီးပါးက ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းမှာ အရပ်သား အယောက် ၈,၀၀၀ ကျော် သေဆုံးခဲ့တာကို မှတ်တမ်းတင်ထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

အမြောက်ကျည်တွေ၊ ခရုဇ်နဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ကျယ်ပြန့်တဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် အရပ်သားတွေ သေရတာများတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ပြောရေးဆိုခွင့်ရှိသူ အဲလိဇဘက် ထရော့စ်ဆဲလ်က ပြောပါတယ်။

“လူနေထူထပ်တဲ့ နေရာတွေမှာ အများဆုံးဖြစ်ခဲ့တယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ယူကရိန်းမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးမစ်ရှင်ရဲ့ အကြီးအကဲ မာတီလ်ဒါ ဘော့ဂ်နာကတော့ အရပ်သားသေဆုံးမှု ထောင်ပေါင်းများစွာကို မှတ်တမ်း မတင်ထားရသေးဘူးလို့ ယုံတယ်၊ သေဆုံးတဲ့ အရပ်သားအများစုက ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီအူပယ်မြို့ကဖြစ်ပြီး အခု အဲ့ဒီမြို့က ရုရှားထိန်းချုပ်မှုအောက် ရောက်နေပြီလို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ တရားဝင်စာရင်းမှာ ရုရှားက သုံးလကြာ ဝိုင်းထားပြီး မြေပြင်မှာ မဖြိုခွဲမီ လူပေါင်း ၄ သိန်းခွဲလောက်နေတဲ့ မာရီအူပယ်မြို့မှာ အရပ်သား အယောက် ၂,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ရုရှားကျူးကျော်စစ်မှာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်မထားခဲ့ဘူးလို့ ရုရှားက ငြင်းဆိုထားပါတယ်။

Up