close

အီးယူဝန်ထမ်းများကို TikTok သုံးစွဲခွင့် တားမြစ်

ဥရောပကော်မရှင်က သူ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းသုံးဖုန်းတွေကနေ ဗီဒီယိုအတိုတွေ မျှဝေနိုင်တဲ့ TikTok  တရုတ်အက်ပ်ကို သုံးစွဲခွင့် တားမြစ်ထားလိုက်ပြီး ဆိုက်ဘာလုံခြုံရေးအရ ဖြစ်ကြောင်း အီးယူစက်မှုလုပ်ငန်းအကြီးအကဲ တီယာရီ ဘရတ်တန်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောပါတယ်။

“အဖွဲ့အစည်း အတော်များများလိုပဲ၊ ဥရောပကော်မရှင်မှာလည်း ဆိုက်ဘာလုံခြုံရေးအပေါ် အလွန်ကို အာရုံစိုက်ထားပြီး လုပ်ဖော်ကိုင်ဘက်တွေကို အကာအကွယ်ပေးနေပါတယ်”လို့ သတင်းစာရှင်းလင်းပွဲတခုမှာ တီယာရီဘရတ်တန်က သတင်းထောက်တွေကို ပြောသွားပါတယ်။

နောက်ဆက်တွဲ ရှင်းလင်းပွဲတခုမှာလည်း ပြောရေးဆိုခွင့်ရှိသူက “ဒီအစီအမံဟာ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုတွေနဲ့ ကော်မရှင်ရဲ့ ကော်ပိုရိတ်ပတ်ဝန်းကျင်ကို ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် အသုံးချနိုင်တဲ့ လုပ်ရပ်တွေကနေ အကာအကွယ်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း” ပြောပါတယ်။

TikTok နဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ ရှိ မရှိ မေးမြန်းတာကိုတော့ ကော်မရှင်ဘက်က အသေးစိတ်ပြောဆိုဖို့ ငြင်းဆန်ပါတယ်။

TikTok ကုမ္ပဏီဘက်ကလည်း ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပြီး ဒါဟာ လွဲမှားနေကြောင်းနဲ့ အခြေခံအယူအဆ လွဲမှားမှုတွေအပေါ် အခြေခံနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်ကတော့ တခြားဆိုရှယ်မီဒီယာပလက်ဖောင်းတွေ လုံခြုံရေးဆိုင်ရာ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်သုံးသပ်နေတယ်လို့ ပြောပါတယ်။

Up