close

အီတလီတွင် ရွှေ့ပြောင်းသူများ စီးနင်းလာသည့် သင်္ဘောမှောက်ပြီး ၃၃ ဦးထက်မနည်းသေဆုံး

အီတလီနိုင်ငံ ကာလာဘရီယာဒေသ အရှေ့ဘက်ကမ်းလွန်တနေရာမှာ ရွှေ့ပြောင်းအခြေချသူတွေ လိုက်ပါလာတဲ့ သင်္ဘောတစီး ပျက်စီးတိမ်းမှောက်လို့ လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အီတလီသတင်းအေဂျင်စီတွေဖြစ်တဲ့ ANSA နဲ့ တခြား ပြည်တွင်းသတင်းဌာနတွေက ဖေဖော်ဝါရီ ၂၆ ရက်မှာ ဖော်ပြပါတယ်။

ခရိုတုန်းပြည်နယ်က ပင်လယ်အပန်းဖြေစခန်းတခုဖြစ်တဲ့ စတက်ကာတို ဒီ ကူထရို တည်ရှိရာ ကမ်းခြေနေရာတွေမှာ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ရုပ်အလောင်း ၂၇ လောင်း ကမ်းတင်နေပြီး ရေထဲမှာလည်း နောက်ထပ် ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ANSA သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ သေဆုံးသူဦးရေဟာ ၃၃ ဦးအထိရှိပြီး အရေအတွက် ထပ်တိုးလာမှာ သေချာတယ်လို့လည်း သတင်းအေဂျင်စီက ပြောပါတယ်။

ရွှေ့ပြောင်းအခြေသူတွေထဲမှာ သေဆုံးမှုအများအပြားရှိပြီး အသက်ရှင်ကျန်ရစ်သူကတော့ အယောက် ၄၀ နီးပါးလောက် ရှိပါတယ်။ သူတို့သင်္ဘောဟာလည်း ကမ်းရိုးတန်းမှာ သောင်တင်နေတယ်ဆိုပြီး အမျိုးသားမီးသတ်ဌာနက တယ်လီဂရမ်ပေါ်မှာ ရေးသားထားပါတယ်။

အန်ခရိုနို့စ် သတင်းအေဂျင်စီကတော့ သ‌င်္ဘောပေါ်မှာ လူအယောက် ၁၀၀ ကျော် လိုက်ပါစီးနင်းလာတယ်လို့ ဖော်ပြထားပြီး သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးငယ်တဦး အပါအဝင် ကလေးအများအပြား ပါဝင်တယ်လို့ AGI နဲ့ တခြား အီတလီ သတင်းအေဂျင်စီတွေမှာ ဖော်ပြထားပါတယ်။

အီရန်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့က ရွှေ့ပြောင်းအခြေချသူတွေကို တင်ဆောင်လာတဲ့ ဒီသင်္ဘောဟာ ပင်လယ်ထဲက လှိုင်းလေထန်တဲ့ ရာသီဥတုအခြေအနေ အောက်မှာ ကျောက်ဆောင်တွေကို ဝင်တိုက်မိတာကြောင့် အခုလိုအဖြစ်ဆိုးနဲ့ ကြုံရတာဖြစ်ကြောင်း အန်ခရိုနို့စ် သတင်းအေဂျင်စီက ဆိုပါတယ်။

အီတလီနိုင်ငံဟာ ပင်လယ်ကတဆင့် ဥရောပကို ကျော်ဖြတ်ဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေအတွက် အဓိကဆိုက်ကပ်ရာနေရာတွေထဲက တခုလည်း ဖြစ်ပါတယ်။

ဗဟိုမြေထဲပင်လယ်လမ်းကြောင်းလို့ ခေါ်ဝေါ်တဲ့ ဒီပင်လယ်ရေလမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လမ်းကြောင်းတွေထဲက တခုအဖြစ် လူသိများပါတယ်။

Up