close

တရားစီရင်ရေးတွင် အစိုးရကစွက်ဖက်မည့် အစီအစဉ်ကို အစ္စရေးပြည်သူများ ကန့်ကွက် ဆန္ဒပြ

အစ္စရေးနိုင်ငံမှာ ဒီမိုကရေစီ ခြိမ်းခြောက်ခံရမှုလို့ အတိုက်အခံတွေ ရှုမြင်ကြတဲ့ အငြင်းပွားဖွယ်ရာ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက ရှေ့တိုးလုပ်ဆောင်ဖို့ စီစဉ်နေကြတာကြောင့် မတ်လ ၁ ရက်မှာ ဆန္ဒပြသူတွေဟာ နိုင်ငံတဝန်းရှိ အဓိကလမ်းမတွေနဲ့ လမ်းဆုံတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။

တဲလ်အဗစ်နဲ့ ရာမတ်ဟာရှရွန်မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး တဲလ်အဗစ်နဲ့ ဂျေရုဆလင်ကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းမကြီးကို ဆန္ဒပြသူတွေက လမ်းပေါ်မှာ ပိတ်ဆို့ထိုင်ခဲ့ကြပြီး “အစ္စရေးဟာ အာဏာရှင်စနစ်မဟုတ်၊ ဒီမိုကရေစီနိုင်ငံ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲစီစဉ်သူတွေက “အနှောင့်အယှက်နေ့” လို့ နာမည်ပြောင်ပေးထားတဲ့နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ ပိုပြင်းထန်မယ်လို့ မျှော်လင့်ကြပါတယ်။

အစ္စရေးရဲ့ လက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အစ်တာမာဘန်ဗီယာကတော့ သူပုန်တွေ၊ မင်းမဲ့စရိုက်သမားတွေကို လမ်းပိတ်ဆို့ခွင့် မပြုကြောင်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အမျိုးသားရေး-ဘာသာရေး ညွန့်ပေါင်းအစိုးရက ဇန်နဝါရီလမှာ အဆိုပြုခဲ့တဲ့ တရားစီရင်ရေးပိုင်း ပြုပြင်ပြောင်းလဲမှုကြောင့် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ရတာပါ။

ဒီပြုပြင်ပြောင်းလဲမှုထဲမှာ တရားသူကြီးတွေကို ရွေးချယ်ရာမှာ အစိုးရက ဆုံးဖြတ်ခွင့်ရှိတာနဲ့ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ကန့်သတ်ထားမှုတွေ ပါဝင်ပါတယ်။

ဝေဖန်သူတွေကတော့ အစ္စရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတဲ့အပြင် ညွန့်ပေါင်းအဖွဲ့မှ ထိန်းချုပ်ထားတဲ့ လွှတ်တော်တခုသာ ရှိတာကြောင့် ဒါဟာ တရားရေးဆိုင်ရာလွတ်လပ်မှုကို အလွန်ကို အားနည်းသွားစေတယ်လို့ ဆိုပါတယ်။

Up