ကိုလံဘီယာတွင် ရဲအရာရှိ ၇၉ ဦးနှင့် ရေနံမြေလုပ်သား ၉ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ

ကိုလံဘီယာနိုင်ငံ၊ ကားကူတာပြည်နယ်မှာ မတ်လ ၂ ရက်က အကြမ်းဖက် ဆန္ဒပြမှုတွေအတွင်း ရဲအရာရှိတဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အရာရှိ ၇၉ ဦးနဲ့ ရေနံမြေလုပ်သား ၉ ဦးကို ကျေးလက်လူထုက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ် လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူ တဦးက ပြောပါတယ်။
ကိုလံဘီယာနိုင်ငံတောင်ပိုင်း စန်ဗင်းဆင့်တေး ဒလ်ကာဂွမ် ပြည်နယ်က ကျေးလက်ဒေသမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့တာပါ။
တရုတ်အစိုးရရဲ့ Emerald Energy ကုမ္ပဏီပိုင် ရေနံမြေမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ဆန္ဒပြသူတွေက ရေနံမြေကို မီး စရှို့ခဲ့ကြောင်း ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
စုံစမ်းရေးရုံးကနေ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ ဒီထက်မက အကြမ်းဖက်တဲ့လုပ်ရပ်တွေကို တားဆီးဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ကမ်းလှမ်းထားကြောင်း စုံစမ်းရေးမှူး ကားလော့စ် ကမာဂိုက ပြောကြားပါတယ်။
ဆန္ဒပြပွဲအတွင်း ရဲအရာရှိနဲ့ အရပ်သားတို့ဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောကြားပါတယ်။
၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်တဲ့ FARC အတိုက်အခံတွေဟာ ဒေသတွင်းမှာ ရှိနေကြပြီး အခုမငြိမ်သက်မှုတွေမှာ ပါဝင်နိုင်ကြောင်းလည်း ဆိုပါတယ်။
ကျေးလက်နဲ့ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းတွေဟာ တရုတ်အစိုးရပိုင် Sinochem ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Emerald Energy ရေနံမြေကုမ္ပဏီကို အဝင်အထွက် ပိတ်ထားလိုက်ပြီး ဒေသတွင်းက လမ်းတွေ ပြုပြင်ရာမှာ ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လူမှုအသိုင်းအဝိုင်းတွေဟာ လမ်းတွေနဲ့ ကျောင်းတွေ အပါအဝင် အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးဖို့ ကုမ္ပဏီတွေကို တွန်းအားပေးကြတာကြောင့် ကိုလံဘီယာမှာ ရေနံနဲ့ သတ္တုတူးဖော်ရေး ပရောဂျက်တွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ဆန္ဒပြမှုတွေ ပုံမှန်ရှိနေပါတယ်။
Emerald Energy ကုမ္ပဏီကို မှတ်ချက်ပေးဖို့ ရိုက်တာက ဆက်သွယ်လို့ မရသေးပါဘူး။
ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့အတွက် ကိုလံဘီယာ ကာကွယ်ရေးနဲ့ပြည်ထဲရေး ဝန်ကြီးဌာနတွေမှ ပူးတွဲကော်မရှင်အပြင် လက်နက်ကိုင် တပ်ဖွဲ့တွေကိုပါ ဒေသတွင်းကို စေလွှတ်မှာဖြစ်တယ်လို့ တွစ်တာမှာ ပြောပါတယ်။