close

ရဲကိုပစ်ခတ်ထွက်ပြေးသွားသည့် အချုပ်သားများအနက် ၁ ဦးကို အသေပစ်ခတ်၊ ၃ ဦး အရှင်ထပ်မံ ဖမ်းဆီးရမိ

            

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ အချုပ်ကားပေါ်ကနေ ရဲကို သေနတ်နဲ့ပစ်ခတ်ပြီးထွက်ပြေးသွားတဲ့ အချုပ်သားတွေထဲက နောက်ထပ် ၃ ယောက်ကို အရှင်ဖမ်းမိပြီး ၁ ယောက်ကိုတော့ အသေပစ်ခတ်ဖမ်းဆီးရမိတယ်လို့ နေပြည်တော် ရဲအသိုင်းအဝိုင်းက သိရပါတယ်။

မတ်လ ၃ ရက် မနက်နဲ့ နေ့လယ်ပိုင်းက  တပ်ကုန်းမြို့နယ်မှာ အချုပ်သား အောင်ကိုဦး၊ အောင်မိုးခန့်နဲ့ ကျော်လင်းအောင်တို့ကိုအရှင်ဖမ်းဆီးခဲ့ပြီး ချမ်းငြိမ်းသော်ကိုတော့ ဇမ္မူသီရိမြို့နယ်မှာ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲအရာရှိနဲ့ နီးစပ်သူက ပြောပါတယ်။

"သုံးဦးကိုတပ်ကုန်းမြို့နယ်ထဲက ပိတ်သွယ်တောထဲမှာမိတာ။ ချမ်းငြိမ်းသော်ကို ရွှေကြာပင်ထဲက ချိတ်ပိတ်ထားတဲ့တိုက်ထဲမှာမိတာ။ ဒုရဲအုပ်တစ်ဦး ဓားနဲ့အထိုးခံရတယ်။ တပ်က လိုက်ပစ်တာ သေသွားတယ်။ အခုဆို ကိုးဦးထဲက ၇ ဦးမိပြီ နှစ်ဦး ကျန်သေးတယ်။”

မတ်လ ၁ ရက်ညကလည်း ထွက်ပြေးတဲ့အချုပ်သားတွေထဲက ဇင်ကိုလတ်နဲ့ ပြည့်ဖြိုး(ခ)ကိုဖြိုးတို့အရှင်ဖမ်းမိပြီး ဖြိုးဝေမိုး(ခ)ကိုဖြိုးကိုတော့ အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအချုပ်သားကိုးဦးဟာ မတ်လ ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ ပျဥ်းမနားခရိုင်၊ ပုပ္ပသီရီခရိုင်၊ ဇေယျာသီရီခရိုင်စတဲ့ တရားရုံးတွေမှာရုံးထုတ်ပြီး အချုပ်သား အယောက် ၂၀ ကို ရမည်းသင်းထောင်ကို ပြန်အပို့ တပ်ကုန်းမြို့အရောက်မှာ အချုပ်ကားပေါ်ကနေ ရဲကိုသေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ ထွက်ပြေးသူကိုးဦးထဲက ကိုအောင်ကိုဦး၊ ကိုကျော်လင်းအောင်၊ ကိုအောင်မိုးခန့်၊ ကိုဇင်ကိုလတ်၊ ပြည့်ဖြိုးတို့ကို အရှင်ဖမ်းမိခဲ့ပြီး ဖြိုးဝေမိုး(ခ)ကိုဖြိုးနဲ့ ချမ်းငြိမ်းသော်တို့ကို အသေပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လွတ်မြောက်နေတဲ့ နေဇော်(ခ)မာမွတ်နဲ့ ကျော်သီဟလင်းတို့ကို စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေပြီး တပ်ကုန်းမြို့မရဲစခန်းကလည်း ပုဒ်မ ၃၀၇၊  ၃၃၃၊  ၃၃၂၊  ၃၄၊  ၂၂၄ နဲ့ ထပ်မံအမှု ဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ 

Up