ရုရှားတောင်ပိုင်းနယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုအပေါ် အပြန်အလှန်စွပ်စွဲ

ရုရှားနိုင်ငံတောင်ပိုင်းက နယ်စပ်ဖြတ်ကျော်ဒေသတခုမှာ ယူကရိန်း ကျောထောက်နောက်ခံ အမျိုးသားရေးဝါဒီတွေရဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ရပြီး တရက်အကြာမှာပဲ နောက်ထပ် နယ်စပ်ကျူးကျော်မှုတွေကို တားဆီးမယ့်အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ မတ် ၃ ရက်မှာ ရုရှားဘက်က ပြောလာပါတယ်။
သမ္မတ ဗလာဒီမာပူတင်ကတော့ ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရုရှားနိုင်ငံတောင်ပိုင်း ဘရိုင်ယန့်စ်ခ်ဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတယ်လို့ မတ် ၂ ရက်က ပြောပါတယ်။
ဒါဟာ ယူကရိန်းအကြမ်းဖက်အဖွဲ့တခုက အရပ်သားတွေကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပူတင်က မှတ်ချက်ပေးတဲ့အပြင် ဒီအဖွဲ့ကို ချေမှုန်းပစ်ဖို့ ကတိပြုတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းသမ္မတအကြံပေးတဦးကတော့ ဒီဖြစ်ရပ်ဟာ ရုရှားက မှားယွင်းတဲ့ရန်စမှုတခုအဖြစ် ဇာတ်လမ်းဆင်ထားတာသာဖြစ်ပြီး ယူကရိန်းအပေါ် ကျူးကျော်မှုဟာ တရားမျှတကြောင်း ပြသလိုတာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ နောင်အနာဂတ်မှာ အလားတူဖြစ်ရပ်တွေကို တားဆီးနိုင်ဖို့အတွက် နယ်စပ်ဒေသကာကွယ်ရေး ဆိုင်ရာ အစီအစဉ် တွေကို ဖြည့်စွက်လုပ်ဆောင်သွားမှာဖြစ်သလို ဒီအကြမ်းဖက်တိုက်ခိုက်မှုကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မတ် ၂ ရက် ဒီဖြစ်ရပ်အတွင်း ပစ်ခတ်ခံထားရတဲ့ ကားနှစ်စီးနဲ့ အတူ အထဲမှာ ယာဉ်မောင်းတွေ လဲကျသေဆုံးနေတဲ့ ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတွေကို ရုရှားဖက်ဒရယ် လုံခြုံရေးဌာန (FSB) က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ပူတင်က ရုရှားလုံခြုံရေးကောင်စီ ပုံမှန်အစည်းအဝေးတခုကို မတ် ၃ ရက် နှောင်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။