ယူကရိန်းစစ်ဆင်ရေးအတွက် လက်နက်ခဲယမ်းဖြည့်တင်းရန် ရုရှားစစ်ဘက်အကြီးတန်းအရာရှိများ အစည်းအဝေးကျင်းပ

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးလ်ရွှိုင်ဂူအပါအဝင် အကြီးတန်းစစ်ဦးစီးချုပ် ဗလေရီ ဂျီရာစိုင်မော့ဗ်နဲ့ ယူကရိန်းစစ်ဆင်ရေးထဲမှာ ဂျီရာစိုင်မော့ဗ်ရဲ့ လက်ထောက်တွေထဲက တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဆာဂေးလ်ဆူရာဗစ်ကင်တို့ မတ် ၄ ရက်က အစည်းအဝေး ကျင်းပခဲ့ ကြပါတယ်။
ဆွေးနွေးပွဲမှာ ရုရှားတပ်ဖွဲ့ဝင်တွေကို လက်နက်၊ စစ်လက်နက် ပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေ ပေးအပ်ခြင်းဆိုင်ရာကိစ္စရပ်တွေအပြင် အရန်တပ်တွေရဲ့ တိုက်ခိုက်ရေး လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
အစောပိုင်းတုန်းက ဆာဂေးလ် ရွှိင်ဂူဟာ ယူကရိန်းမှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့တွေကို ရှားရှားပါးပါး သွားရောက်လည်ပတ်ခဲ့ပါတယ်။
သူဟာ တပ်မတော်သားတွေကို ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပြီး ခရီးစဉ်အတွင်း အကြီးတန်းတပ်မှူး တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ဗီဒီယိုတွေ ထဲမှာ မတ် ၄ ရက်က တွေ့ရပါတယ်။
ရုရှားအစိုးရဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ရုရှားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အိမ်နီးချင်း ယူကရိန်းနိုင်ငံဆီ စေလွှတ်ခဲ့ပြီးနောက်ပိုင်း ရုရှားရဲ့ထိပ်တန်း စစ်ဦးစီးချုပ်တွေဟာ ယူကရိန်းမှာရှိတဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီကို အကြိမ်ရေ နည်းနည်းသာ လာရောက်လည်ပတ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။