close

အမေရိကန်တောင်ပိုင်းတွင် လေဆင်နှာမောင်းနှင့် မုန်တိုင်းကြောင့် ၇ ဦးထက်မနည်း သေဆုံး

အမေရိကန်တောင်ပိုင်းမှာ  လေဆင်နှာမောင်းနဲ့ မုန်တိုင်းတွေကြောင့် မတ် ၃ ရက်က လူ ခုနစ်ဦး ထက်မနည်းသေဆုံးပြီး နေအိမ်  ၁ သန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့တယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။ 

အားကောင်းတဲ့ မုန်တိုင်းဟာ နိုင်ငံအရှေ့မြောက်ဘက်ကို ရွေ့လျားနေပြီး ထူထပ်တဲ့ နှင်းတွေဟာ လည်း မီချီဂန်အရှေ့တောင်ပိုင်းကနေ နယူးယောက်ပြည်နယ်အထိ ကျဆင်းလိမ့်မယ်လို့ အမျိုးသား မိုးလေဝသဌာနက ပြောပါတယ်။ 

နယူးယောက်မြို့လယ်နဲ့ နယူးအင်္ဂလန်တောင်ပိုင်းရဲ့ အစိတ်အပိုင်းတွေမှာ မတ် ၄ ရက်မွန်းလွဲ ပိုင်းက ဆီးနှင်းတွေ တပေကျော်အထိ ကျဆင်းတာ မြင်ခဲ့ရပါတယ်။

မတ် ၃ ရက်က ကန်တပ်ကီပြည်နယ် အနောက်ဘက်ခြမ်းကို မုန်တိုင်းစနစ် ဆုတ်သွားလို့ လေဆင်နှာမောင်း အနည်းဆုံး နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီ ဘတ်ရှဲက ပြောပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက လူမှုကွန်ယက်ပေါ်ကနေ ပြောပေမယ့် အသေးစိတ် အချက်အလက် တွေကိုတော့ မပြောခဲ့ပါဘူး။

ကန်တပ်ကီပြည်နယ်မှာ မိုးကြိုးမုန်တိုင်းတွေကလဲ တစ်နာရီကို မိုင် ၈၀ နှုန်းနဲ့ တိုက်ခတ်ခဲ့လို့ "ထွန်စက်တွဲတွေကို လမ်းပေါ်ကနေ မှုတ်ထုတ်နိုင်လောက်အောင် ပြင်းထန်တယ်”လို့ သူက ဆက် ပြောခဲ့ပါတယ်။

PowerOutage.us က အချက်အလက်တွေအရ မုန်တိုင်းဒဏ်သင့် ပြည်နယ်တွေမှာ အိမ်တွေနဲ့ လုပ်ငန်းပေါင်း ၁ ဒသမ ၄ သန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။

မက္ကဆီကိုပင်လယ်ကွေ့က ပူနွေးစိုစွတ်တဲ့ လေတွေဟာ ဆောင်းရာသီမှာ မြောက်ဘက်ကနေ ရွေ့လျားလာတဲ့ လေအေးတွေနဲ့ တိုက်မိရာက အမေရိကန်တောင်ပိုင်းမှာ ကြမ်းတမ်းတဲ့ မုန်တိုင်းတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိတယ်လို့ မိုးလေဝသပညာရှင်တွေက ပြောထား ပါတယ်။

Up