close

ဘင်္ဂလားဒေ့ရ်ှ ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်၊ မိသားစုဝင် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်၊ အိုခီးယားမြို့ရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မတ် ၅ ရက်၊  မနေ့မွန်းလွဲ ၂ နာရီလောက်က  မီးလောင်ပြီး မိသားစုဝင် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့  ရိုဟင်ဂျာဒုက္ခသည်တွေထံက သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက "မီးက မတော်တဆလောင်တာလား ရည်ရွယ်ချက်ရှိရှိ အရှို့ခံရတာလား မပြောတတ်ပါဘူး။ ဒုက္ခသည်တွေက ပိုပြီးဒုက္ခရောက်ကြရတာ။ တချို့ဒုက္ခသည်တွေက နီးစပ်ရာအိမ်တွေမှာ ခိုလှုံနေကြရတယ်။ အများစုက ဒုက္ခသည်စခန်းအပြင်ဘက်ကလမ်းမတွေပေါ်မှာ စုပြီး နေထိုင်နေကြရတယ်။"လို့ ပြောပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၂၅၀၀ ကျော် ဒုက္ခသည်မိသားစုဝင် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြ​ရသလို ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာနဲ့ အိမ်သုံးပစ္စည်းတွေလည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဒုက္ခသည်တဦးက "ဘာမှကိုယူဖို့မရခဲ့ကြဘူး။ နေအိမ်တွေက ဝါးနဲ့ ဓနိနေအိမ်တွေဆိုတော့ မီးလောင်တာက တော် တော်လေးကို မြန်ဆန်တာ လူတွေအားလုံး ထွက်ပြေးခဲ့ကြရတာပါ”လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်မှုကို ထိန်းချုပ်နိုင်ပြီး ကျန်းမာရေးဌာနတစ်ခု မီးလောင်ပျက်စီးခဲ့ပေမဲ့ လူအသေအပျောက်တော့ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်ရဲအရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဒေသခံရဲအရာရှိ ဖာရူကီ အာမက်က ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အဆိုပါ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း မီးလောင်မှုကို အလွန်စိုးရိမ်ကြောင်းထုတ်ဖော် ပြောကြားခဲ့ပြီး အခြေအနေကို အကဲဖြတ်ရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်းထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တွင်လည်း ဘာလူကာလီ ဒုက္ခသည်စခန်း မီးလောင်မူဖြစ်ပွားခဲ့ပြီး ဒုက္ခသည်ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေက အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါသေးတယ်။

Up