close

အီရန်ကျောင်းသူများ အဆိပ်သင့်မှုကြောင့် ကျောင်းသားများ စိုးရိမ်ထိတ်လန့်နေ

အီရန်နိုင်ငံမှာ မကြာသေးမီလတွေက ရာနဲ့ချီတဲ့ကျောင်းသူတွေ အဆိပ်သင့်ခဲ့တာနဲ့ ပတ်သက်လို့ အခုချိန်အထိ ရှင်းမပြနိုင်တဲ့ နာမကျန်းမှုတွေအပေါ် ကျောင်းသားတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေပြီး အဆိပ်သင့်သူတွေ မလှုပ်မရှားနိုင် ဖြစ်နေကြတယ်လို့ ပြောဆိုကြပါတယ်။

အီရန်တာဝန်ရှိသူတွေကတော့ ဒီမိန်းကလေးငယ်တွေဟာ အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားပြီး အီရန်အစိုးရရဲ့ ရန်သူတွေအပေါ် အပြစ်တင်ခဲ့ပါတယ်။

ကျောင်းသူတဦးက “ခန္ဓာကိုယ်ထဲမှာ အလွန်ပြင်းထန်တဲ့ ထုံကျင်မှုကို ခံစားနေရပြီး လမ်းတောင် လုံးဝမလျှောက်နိုင်ပါဘူး” လို့ ပြောပါတယ်။

နောက်တဦးကလည်း “အစာအိမ်ထဲမှာ ပူလောင်နေသလို ခံစားရပြီး သတိလည်း လစ်နေခဲ့တယ်” လို့ ဆိုပါတယ်။

အီရန်ကျန်းမာရေးဝန်ကြီးကလည်း ဒီအမျိုးသမီးငယ်တွေဟာ “သိပ်မပြင်းထန်တဲ့ အဆိပ်” နဲ့ တိုက်ခိုက်တာကို ခံစားနေရတာလို့ မှတ်ချက်ပေးပါတယ်။

သဘောထားတင်းမာတဲ့ အစ္စလာမ္မမ်အဖွဲ့တွေက အမျိုးသမီးတွေရဲ့ ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ တချို့နိုင်ငံရေးသမားတွေက အကြုံပြုခဲ့ကြပါတယ်။

မတ် ၄ ရက်အထိ အီရန်နိုင်ငံရဲ့ ပြည်နယ် ၃၁ ခုထဲက အနည်းဆုံး ပြည်နယ် ၁၀ ခုမှာရှိတဲ့ ကျောင်းပေါင်း ၃၀ ကျော်မှာ ဒီလိုဖျားနာတာတွေ ဖြစ်ခဲ့ပါတယ်။

မိဘတွေက ကလေးတွေကို အိမ်ပြန်ခေါ်နိုင်ဖို့ ကျောင်းတွေမှာ စုဝေးရောက်ရှိလာကြပြီး တချို့ကျောင်းသားတွေကိုတော့ လူနာတင်ယာဉ် ဒါမှမဟုတ် ဘတ်စ်ကားတွေနဲ့ ဆေးရုံဆီ ခေါ်ဆောင်သွားကြတာကို လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့ ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

Up