close

မူဆယ် မြို့ရှောင်လမ်းတွင် ဗုံးပေါက်ကွဲ

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ မြို့ရှောင်လမ်းက စိုးသစ္စာ ပန့်ဆီဆိုင်ရှေ့လမ်းကြား 69 ဟိုတယ်နားမှာ မတ်လ ၇ ရက်ညနေက  ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ ညနေ ၅ နာရီ ၅၀ မိနစ်လောက်က  အမည်မသိလူ တဦးက လက်လုပ်မိုင်းကို တံခါးပေါက်ဘက် ပစ်ထည့်လိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ ဆိုင်ကယ် 125 ၊ CZI အမျိုးအစား ၂ စီး မိုင်းစထိမှန်ပျက်စီးပြီး တည်ခိုခန်းဆိုင်းဘုတ်နဲ့ အဝင်ရှေ့မှန်တံခါးတွေ ထိမှန် ပျက်စီးခဲ့ကြောင်း မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး‌နောက် အဲဒီနေရာ အနီးတဝိုက် စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကျပ်‌ပြီး တရားခံကို ဖမ်းဆီးနိုင်ဖို့ ရှာဖွေနေပေမဲ့ ဖမ်းမိသူမရှိသေးပါဘူး။

ဒေသခံအမျိုးသားတဦးက “ကားဘီးပေါက်တာ မဟုတ်ဘူး။ အသံ အကျယ်ကြီးပဲ။ ဆီဆိုင်နားဘက်။ ထွက်ကြည့်တာ မသွားရဲလို့ ပြန်လာခဲ့တာ”လို့ ပြောပါတယ်။

ဒေသခံ လူငယ်တဦးကလည်း “ဗုံးသံပဲ။ အဲဒီအောက်နားဘက်။ ဒီက‌‌နေ ဘာမှ မမြင်ရဘူး။ သွားမကြည့်ရဲဘူး။ လိုင်းပေါ်ကနေပဲ စောင့်ကြည်ဝောာ့မယ်” လို့ ပြောပါတယ်။

မူဆယ်မြို့မှာတော့ စစ်ကောင်စီတပ်က အာဏာသိမ်းပြီး နောက်ပိုင်း မကြာခဏ ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာပါ။

Up