close

တူရကီတွင် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ရှိ

တူရကီမှာ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) တာဝန်ရှိသူတဦးက မတ် ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ခန့်မှန်းပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က တူရကီတောင်ပိုင်း ကာရာ မန်းမရာ့ရှ် ပြည်နယ်မှာ ရစ်ခ်ျတာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ နောက်ထပ် ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်တခု အဲဒီပြည်နယ်မှာပဲ ထပ်ပြီးလှုပ်ခတ်ခဲ့တာကြောင့် အသက်အိုးအိမ် စည်းစိမ် အများအပြား ဆုံးရှုံးခဲ့ရသလို  နိုင်ငံတွင်းရှိ ပြည်နယ် ၁၀ ခုကျော်ဟာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။

အင်အားပြင်းငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုက အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၂ ဘီလီယံလောက် ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်က အစီရင်ခံစာတစောင်မှာ ပြောထားပါတယ်။

ဒါပေမဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်ကုစားရေး ကုန်ကျစရိတ် စုစုပေါင်းကတော့ ၂ ဆလောက် များပြားနိုင်ကြောင်းလည်း ဆိုပါတယ်။

တူရကီသမ္မတ အာဒိုဂန်ကတော့ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေဟာ သူ့နိုင်ငံမှာ ၄၆,၁၀၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တနင်္လာနေ့က ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် အခုချိန်ထိ အဆောက်အဦပေါင်း ၂၃၀,၀၀၀ ကျော် ပြင်းပြင်းထန်ထန် ပျက်စီးခဲ့ရကြောင်းလည်း ပြောပါတယ်။

Up