နိုင်ငံခြားအေးဂျင့်များ ဥပဒေကြမ်းကို ဂျော်ဂျီယာလွှတ်တော် ပယ်ချ

ဂျော်ဂျီယာနိုင်ငံမှာ ကြီးမားတဲ့ ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းကိုဖြစ်ပေါ်စေပြီး ဥရောပနဲ့ ပိုမိုနီးကပ်မယ့် ဆက်ဆံရေးအတွက် ကော့ကေးဆပ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို နှောင့်နှေးစေမယ့် ခြိမ်းခြောက်မှုဖြစ်တဲ့ “နိုင်ငံခြားအေးဂျင့်များ” ဥပဒေကြမ်းအတွက် အစီအစဉ်တွေကို ဂျော်ဂျီယာပါလီမန်က မတ် ၁၀ ရက် မှာ ပယ်ချခဲ့ပါတယ်။
အာဏာရ ဂျော်ဂျီယာ ဒရင်းမ်ပါတီဟာ ဒီဥပဒေကြမ်းကို ထောက်ခံပြခဲ့ပြီးနောက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒုတိယမြောက်ဖတ်ကြားတဲ့ ဥပဒေကြမ်းကို ကန့်ကွက်မဲပေးခဲ့ကြကြောင်း သိရပါတယ်။
လွှတ်တော်အပြင်ဘက်မှာ စုဝေးစောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးဟာ တချို့ကလည်း မိုဘိုင်းလ်ဖုန်းတွေကနေ မဲပေးကြတဲ့လုပ်ငန်းစဉ်တွေကို စောင့်ကြည့်ခဲ့ကြပြီး ရလဒ်ကြောင့် ကျေနပ်ပျော်ရွှင်ခဲ့ကြပါတယ်။
လူအုပ်စုကြီးထဲက အက်ကာ အက်စ်တီယာနီက သူ့ဘဝရဲ့ "အပျော်ရွှင်ဆုံးအခိုက်အတန့်" လို့ ရိုက်တာကို ပြောပါတယ်။
ဒါပေမဲ့ဂျော်ဂျီယာပြည်သူတွေဟာ "ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်လာအောင် တိုက်ပွဲဝင်ဖို့ ခရီးရှည်ကြီးရှိနေပြီ" လို့လည်း ပြောဆိုပါတယ်။
“ဒီနေ့ လူငယ်တွေရဲ့ ရွေးချယ်မှုက ဥရောပပဲ။ ရုရှားကို ဘယ်တော့မှ ပြန်သွားမှာ မဟုတ်ဘူး” လို့ ဂျော်ဂျာမြို့တော် တီဘလစ်စီက ပွဲတွေမှာ ဝင်ပါဖို့ ဆုံးဖြတ်ခဲ့တဲ့ နီညာ မာတီယာ့ရှ်ဗီလီက ပြောပါတယ်။
“ကျနော်တို့ရဲ့ အနာဂတ်က ဥရောပဖြစ်ပြီး ဒါကို လာစိန်ခေါ်လို့ မရဘူး”လို့ ဂျော်ဂျာလူငယ် ကာဒါဂစ်ဒ်ဇဲက ရိုက်တာကို ပြောပါတယ်။
ဒီဥပဒေမူကြမ်းအရ နိုင်ငံရပ်ခြားမှ ရန်ပုံငွေရဲ့ ၂၀ ရာခိုင်နှုန်းကျော် ရရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို နိုင်ငံခြားအေးဂျင့်အဖြစ် နိုင်ငံရဲ့ တရားရေးဌာနမှာ မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ဂျော်ဂျီယာပြည်သူတွေက အစိုးရဟာ အာဏာရှင်ဆန်တဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံကို သိမ်းယူဖို့ ကြိုးစားနေကြောင်း ပြောဆိုပြီး ပြည်သူထောင်ပေါင်း များစွာဟာ မြို့တော် တီဘလစ်စီ မှာ ပြီးခဲ့တဲ့ သုံးည ဆက်တိုက် ဆန္ဒပြခဲ့ကြတာပါ။
ရဲတွေကလည်း တီဘလစ်စီ ပါလီမန်အပြင်ဘက်မှာ စုဝေးနေကြတဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ စတန့်ပစ်ဗုံးတွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲပြီး ဒါဇင်နဲ့ချီတဲ့ လူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။