စပိန်ရှိ ဈေးဝယ်စင်တာတွင် အသက် ၁၁ အရွယ်မိန်းကလေးကို ကလေး ၆ ယောက် အုပ်စုဖွဲ့ အဓမ္မကျင့်

စပိန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘာဒါလိုနာမြို့က စျေးဝယ်စင်တာတစ်ခုမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အရွယ်မရောက်သေးတဲ့ တခြားကလေးငယ် ၆ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတဝန်း ဒေါသထွက်ခဲ့ကြပါတယ်။
စော်ကားကျူးလွန်သူ ၆ ဦးထဲက ၅ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ကက်တလန် ဒေသဆိုင်ရာ ရုပ်သံဌာန TV3 က ဖော်ပြပါတယ်။
ဖော်ထုတ်သိရှိထားသူ ၅ ဦးထဲက ၂ ဦးကို ဖမ်းဆီးထားပါတယ်။ ကျန်တဲ့ ၃ ဦးဟာ အသက် ၁၄ နှစ်အောက်တွေ ဖြစ်ကြတာကြောင့် သူတို့ကိုတော့ တရားစွဲဆိုခြင်း မရှိပါဘူး။
ကျူးလွန်ခံရသူရဲ့ အစ်မဖြစ်သူက ကက်တလိုနီးယားရဲ့ TV3 ရုပ်သံလိုင်းရှိ Planta Baixa အစီအစဉ်မှာ သူ့ညီမလေး ကြုံတွေ့ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြပါတယ်။
“စနေနေ့ မွန်းလွဲ ၁ နာရီလောက်က ဘာဒါလိုနာက မက်ဂျစ် ရှော့ပင်းမောလ်မှာ အဝတ်အစားတွေ ဘာတွေသွားဝယ်တုန်းက ကောင်လေး ၆ ယောက်က သူ့ဆီ ချဉ်းကပ်လာပြီးတော့ အိတ်ဆောင်ဓားနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ ညီမဖြစ်သူက ပြောပြကြောင်း၊ သူ့ညီမလေးကို အိမ်သာဆီ ခေါ်သွားပြီး အခြေခံအားဖြင့် သူတို့လိုချင်တာမှန်သမျှ လုပ်သွားကြကြောင်း” သတင်းထောက်ကို ပြောပြခဲ့ပါတယ်။
ဒီမုဒိမ်းမှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးရဲ့ မိသားစုဟာ ဒီဇင်ဘာလက လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တိုင်ကြားခဲ့ပြီးနောက်မှာ ကတ်တလန် ရဲတပ်ဖွဲ့က ဒီအမှုကို စုံစမ်းစစ်ဆေးနေပါတယ်။