ဘယ်လ်ဂျီယံတွင် အစိုးရဝန်ထမ်းများ သပိတ်မှောက်

ဘယ်လ်ဂျီယံနိုင်ငံမှာ အစိုးရဝန်ထမ်းတွေဟာ ဝန်ထမ်းအင်အားနည်းပါး၊ ဘတ်ဂျက် လျှော့ချတာနဲ့ အလုပ်တာဝန် တိုးမြှင့်တာတွေအပေါ် ဆန္ဒပြတဲ့အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်ကြတာကြောင့် မတ် ၁၀ ရက်က ရထား ၃ စီးမှာ ၁ စင်းသာ ပြေးဆွဲခဲ့ကြောင်း ရထားလမ်းအော်ပရေတာ SNCB/NMBS က ပြောပါတယ်။
သပိတ်မှောက်မှုကြောင့် ဒေသဆိုင်ရာ အများပြည်သူ လမ်းပန်းဆက်သွယ်ရေးကိုလည်း ထိခိုက်ရပြီး မြို့နယ်ခန်းမတွေနဲ့ ပြန်လည်သုံးစွဲရေး ပန်းခြံတွေလို အများသူငှာ ဝန်ဆောင်မှု တချို့အတွက် ဖွင့်ချိန်တွေကို သက်ရောက်မှု ရှိနိုင်ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
အမ်စတာဒမ်နဲ့ ဘရပ်ဆဲလ်ကြားရှိ ရထား ၁၂ တွဲကို ဖျက်သိမ်းထားကြောင်း ရထားလမ်းအော်ပရေတာ SNCB/NMBS က ကြေညာချက်နဲ့အတူ နိုင်ငံတကာ ရထားလိုင်းတွေ ကိုလည်း သက်ရောက်သွားပါတယ်။
ဥရောပ ၄ နိုင်ငံက မြို့ကြီး ၁၇ မြို့ကို ပြေးဆွဲနေတဲ့ Thalys ကျည်ဆံရထားလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ရဲ့ ရထား ၃ စင်းထဲမှာ ၂ စင်းကိုပဲ ပြေးဆွဲမယ်လို့ ဆိုပါတယ်။
မတ် ၁၀ ရက်က သပိတ်မှောက်ခြင်းဟာ သမဂ္ဂတွေက ဖန်တီးထားတဲ့ ဝန်ထမ်းအင်အား နည်းပါးခြင်းနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ရံပုံငွေလျှော့ချခြင်းတို့အပေါ် "အသိပညာပေး လှုပ်ရှားမှု ရက်သတ္တပတ်" ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။