မြောက်ကိုရီးယားအာဏာရပါတီ အစည်းအဝေး အရေးပေါ်ကျင်းပ

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ဦးဆောင်တဲ့ အာဏာရပါတီအစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး အရေးကြီး လက်တွေ့ကျတဲ့ ဟန့်တားမှုဆိုင်ရာ အစီအမံတွေအကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ နိုင်ငံပိုင်ရုပ်သံက မတ် ၁၂ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
မတ် ၁၃ ရက်မှာ စတင်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံအကြား ကြီးမားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု မတိုင်ခင်မှာပဲ ဒီအစည်အဝေး ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုကပဲ မြောက်ကိုးရီးယားနိုင်ငံကို ဒေါသထွက် စေခဲ့တာ ဖြစ်နိုင်ပါတယ်။
နိုင်ငံပိုင်မီဒီယာမှာတော့ အစည်းအဝေးအတွင်း ဆွေးနွေးသွားတဲ့ စီမံချက်တွေကို အသေးစိတ် ဖော်ပြခြင်းမရှိတဲ့အပြင် အစည်းအဝေးကျင်းပခဲ့တဲ့ အချိန်ကိုတောင် ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
မြောက်ကိုးရီးယားနိုင်ငံဟာ အမေရိကန်နဲ့မဟာမိတ်တွေ ပူးပေါင်းစစ်ရေးလေ့ကျင့်တဲ့ အခါတိုင်း နီးပါးမှာ ပဲ့ထိန်းဒုံးကျည်မျိုးစုံကို အင်အားပြ ပစ်ခတ်လေ့ရှိပါတယ်။
ဒီတစ်ခေါက်မှာလည်း ဟန့်တားမှုဆိုင်ရာ အစီအမံတွေနဲ့အတူ မြောက်ကိုးရီးယားနိုင်ငံက ဘယ်လို တုံ့ပြန်ဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဖို့ ရှိပါတယ်။