ရခိုင်မီဒီယာ ၂ ခုကို စစ်ကောင်စီက အရေးယူမည်၊ အယ်ဒီတာ ၁ ဦးကို ပုဒ်မထပ်တိုးအမှုဖွင့်

ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနနဲ့ Border News Agency (BNA) သတင်းဌာနတို့ကို အရေးယူမယ်လို့ မတ်လ ၁၂ ရက်က ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။
ရခိုင်အခြေစိုက် မီဒီယာ ၂ ခုကို မဟုတ်မမှန် သတင်းတွေရေးသားဖော်ပြနေတယ်ဆိုပြီး အရေးယူဖို့ လုပ်ဆောင်နေတဲ့အပြင် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ တပ်တိုး အမှုဖွင့်လိုက်တယ်လို့ဆိုပါတယ်။
နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို ၂၀၂၂ ခုနှစ်တုန်းကလည်း သတင်းဖော်ပြမှုတခုနဲ့ပတ်သက်လို့ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးပုဒ်မ- ၅ဝ၅(က)တို့နဲ့ စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုထားပြီး အခုတဖန် နောက်ထပ် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ တပ်တိုး အမှုဖွင့်လိုက်ကြောင်း ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။
နောက်ထပ် ရခိုင်သတင်းဌာနအသစ်တစ်ခုဖြစ်တဲ့ Border News Agency(BNA) သတင်းဌာနကိုလည်း “ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိကြောင်း”သတင်းနဲ့ပတ်သက်ပြီး အရေးယူဖို့လုပ်နေတာလို့ဆိုပါတယ်။
ဒီသတင်းဟာ မဟုတ်မမှန် ချဲ့ကားရေးသားထားတာဖြစ်ကြောင်းနဲ့ ဒေသခံပြည်သူတွေက ခရီးသွားဖို့ စိုးရိမ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတာဖြစ်ပြီး ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အဆိုပါသတင်းဌာနတွေဘက်ကိုတော့ ဆက်သွယ်လို့မရသေးပါဘူး။
နိရဉ္စရာသတင်းဌာနနဲ့ BNA သတင်းဌာနတို့ဟာ စစ်ကောင်စီရဲ့ ရခိုင်ပြည်အတွင်း စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်၊ ဂိတ်စောင့်တွေ ငွေကြေးတောင်းခံနေတာ၊ ရေလမ်းကြောင်းတွေ မှာလည်း ကုန်သည်နဲ့ ခရီးသွားပြည်သူတွေဆီကနေ ဆပ်ကြေးငွေတောင်းခံစစ်ဆေးနေတဲ့ အကြောင်းအရာများကို သတင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
BNA သတင်းဌာနကို ဘာပုဒ်မနဲ့ ဘယ်လိုအရေးယူမယ်ဆိုတာ မဖော်ပြထားပေမဲ့ နိရဉ္စရာသတင်းဌာနကိုတော့ အရင်ဖွင့်လှစ်ထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ)နဲ့ ထပ်မံအမှုဖွင့်လှစ်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ နိရဉ္စရာသတင်းဌာန၊ DMG သတင်းဌာန၊ Western News သတင်းဌာနနဲ့ BNA သတင်းဌာနတို့ အခြေစိုက်ပြီး အဆိုပါမီဒီယာအားလုံးဟာ စစ်ကောင်စီရဲ့ တရားစွဲဆိုအရေးယူတာကို ခံထားရပါတယ်။
တရားစွဲဆိုထားတဲ့ ပုဒ်မတွေကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြစ်ပြီး DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုတော့ မတရားအသင်းမှာ ရာထူးကြီးယူထားမှု ပုဒ်မ ၁၇ (၂) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။