close

ရန်ကုန်၊ သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင်တွင် အမျိုးသား ၁ ဦး၏ ရုပ်အလောင်းတွေ့

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းနဲ့ ကမ်းနားလမ်းထောင့်က အုတ်ခုံပေါ်မှာ မတ်လ ၁၃ ရက်ဒီနေ့ မနက် ၉ နာရီကျော်က ထိုင်လျက် သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သိမ်ဖြူလမ်းနဲ့ ကမ်းနားလမ်းထောင့်က အုတ်ခုံပေါ်မှာ အမည်မသိအမျိုးသားတစ်ဦးဟာ အုတ်ခုံပေါ်မှာ ထိုင်လျက်သေဆုံးနေတာကို တွေ့ရလို့ ရပ်မိရပ်ဖတွေက ပရဟိတအဖွဲ့ကို ဖုန်းဆက်အကူအညီတောင်းခဲ့တာလို့ သိမ်ဖြူလမ်းမှာနေထိုင်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

“ဘယ်ကလာပြီး သေနေတာလဲတော့ မသိဘူး။ ရပ်ကွက်က လူတွေလည်း ပရဟိတအဖွဲ့ကို ဖုန်းဆက်တော့ ပရဟိတအဖွဲ့ရော ရဲတွေရော စစ်သားတွေပါရောက်လာပြီး လူနာတင်ယာဥ်နဲ့သယ်သွားတယ်”လို့ ပြောပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကို  ရှင်သန်ရေးကူညီမှုအသင်းက လူနာတင်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“ရဲတွေကတော့ စစ်နေတယ် ဘယ်လိုသေလဲဆိုတာကို စစ်သားတွေရော ရောက်လာတာ”လို့ ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာ(အရှေ့ပိုင်း) ၊(အနောက်ပိုင်း)၊ မင်္ဂလာဒုံနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီမှ ဖေဖော်ဝါရီလအတွင်း သေဆုံးခဲ့တဲ့ အိမ်ရာမဲ့ ၁၁ ဦးရှိတယ်လို့  သတင်းအချက်အလက်တွေအရ သိရပါတယ်။

Up