close

မက္ကဆီကိုက အမေရိကန်ထက် ပိုလုံခြုံဟု မက္ကဆီကိုသမ္မတ ပြော

မက္ကဆီကိုနိုင်ငံက အမေရိကန်ပြည်ထောင်စုထက် ပိုတောင်လုံခြုံသေးတယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရက်စ် မန်နူရယ် လိုပက်ဇ် အိုဘရာဒေါက မတ်လ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

အခုလအတွင်း မက္ကဆီကိုနယ်စပ်အနီးမှာ အမေရိကန် ၂ ဦး သေဆုံးခဲ့တဲ့ ပြန်ပေးဆွဲမှုတခုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မက္ကဆီကိုအလယ်ပိုင်းရှိ ဂွါနာဝါးတိုမြို့မှာ သေစေလောက်တဲ့ ဘားတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပြီးနောက် မက္ကဆီကိုရဲ့ လုံခြုံရေးမှတ်တမ်းအပေါ် အမေရိကန် ဝေဖန်ရေးသမားတွေက ပြစ်တင်စကားတွေ ပြောကြားလာပြီးနောက်မှာ သမ္မတ အိုဘရာဒေါက တုံ့ပြန်ပြောဆိုလိုက်တာပါ။

သူဟာ လုံခြုံရေးဆိုင်ရာ အပျက်သဘောဆောင်တဲ့ အစီရင်ခံစာတွေအတွက် ကွန်ဆာဗေးတစ် အမေရိကန်နိုင်ငံရေးသမားတွေရဲ့ “မက္ကဆီကိုဆန့်ကျင်ရေး” လှုပ်ရှားမှုကို အပြစ်တင်ခဲ့ပါတယ်။

ဒေသခံ ပေဒရို ဟီမန်နက်ဇ်ကတော့ “ဒီမှာ တိုက်ခိုက်မှုမဟုတ်ရင် ကားခိုးမှု ဒါမှမဟုတ် ပစ်ခတ်မှုက နေ့စဉ်နဲ့အမျှ မကြာခဏ ဖြစ်ပျက်နေတာမို့လို့ ဒါတွေက အသစ်အဆန်း၊ အံ့သြစရာတော့ မဟုတ်တော့ပါဘူး။ ဖြစ်နေကျတွေပါ” လို့ ပြောပါတယ်။

မနှစ်တုန်းက မက္ကဆီကိုကို လာလည်တဲ့ အမေရိကန်ခရီးသွား အရေအတွက်က သိသိသာသာ ခုန်တက်သွားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်က လူတသိန်းမှာ ၂၈ ယောက် သေဆုံးနေတဲ့ မက္ကဆီကိုရဲ့ လူသတ်မှုနှုန်းဟာ အမေရိကန်နိုင်ငံထက် ၄ ဆလောက် မြင့်မားနေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

မတ်လ ၃ ရက်က မက္ကဆီကိုနိုင်ငံ မာထာမောရော့စ်မြို့မှာ အမေရိကန် ၄ ဦး တိုက်ခိုက်ခံရပြီးနောက် ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီး သူတို့ကို မက္ကဆီကို အာဏာပိုင်တွေက ပြန်တွေ့ချိန်မှာ အမေရိကန် ၂ ဦး သေဆုံးနေပါပြီ။ ပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး မက္ကဆီကို မူးယစ်ဂိုဏ်းအဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးထားပါတယ်။

မတ်လ ၁၃ ရက် ညပိုင်းကလည်း ဂွါနာဝါးတိုပြည်နယ် အာပါဆိုယယ်လ် ဂရန်းဒေးမြို့ရှိ ဘားတခုမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ရှေ့နေတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လူ ၆ ယောက်အုပ်စု အပါအဝင် အမျိုးသမီး ၇ ဦး ပျောက်ဆုံးနေကြောင်း မက္ကဆီကိုနိုင်ငံအလယ်ပိုင်းရှိ အာဏာပိုင်တွေက ပြောကြားပြီး ပြင်းထန်တဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကို ဖြိုခွင်းထားကြောင်းလည်း ဆိုပါတယ်။

Up