အင်္ဂလန်ကျန်းမာရေးဝန်ထမ်းများ အစိုးရနှင့် လစာငွေသဘောတူပြီးနောက် သပိတ်အဆုံးသတ်

အင်္ဂလန်ရှိ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်စားပြုတဲ့သမဂ္ဂတွေဟာ အစိုးရနဲ့ လစာငွေ ကမ်းလှမ်းချက်ကို သဘောတူခဲ့ကြကြောင်း မတ်လ ၁၆ ရက်က ပူးတွဲထုတ်ပြန်ချက်မှာ ပြောကြားလိုက်ပါတယ်။
ဒါဟာ အစိုးရပိုင်ဝန်ဆောင်မှုမှာ လပေါင်းများစွာ သပိတ်မှောက်ခဲ့ပြီး နောက်မှာ အငြင်းပွားမှုကို အဆုံးသတ်နိုင်မယ့် အလားအလာ ဖြစ်ပါတယ်။
သူနာပြုတွေနဲ့ လူနာတင်ယာဉ်လုပ်သားတွေ သာမက ဆရာဝန်တွေပါ အကျုံးဝင်တဲ့ သဘောတူညီချက်ဟာ ကျန်းမာရေးဝန်ဆောင်မှုအတွက် လုပ်ဆောင်နေတဲ့ သမဂ္ဂအဖွဲ့ဝင်တွေ အကြား မဲခွဲဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။
ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ် ဦးဆောင်တဲ့ အစိုးရဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက နိုင်ငံတွင်း အဆိုးရွားဆုံး အလုပ်သမားသပိတ်တွေကို နှိမ်နင်းဖို့ ဖိအားတွေနဲ့ ကြုံနေရပါတယ်။
ဒီသပိတ်တွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကနေ စာသင်ကျောင်းတွေနဲ့ နယ်စပ်စစ်ဆေးရေးကိစ္စတွေအထိ သာမန်လူနေမှုဘဝရဲ့ ကဏ္ဍတိုင်းကို ထိခိုက်စေခဲ့တာပါ။
ဘီဘီစီသတင်းတပုဒ်မှာတော့ ၂၀၂၂-၂၃ ခုနှစ်အတွက် တကြိမ်တည်း တလုံးတခဲ ပေးချေမှုကို “ပေါင် ၁,၀၀၀ အထက်” ကမ်းလှမ်းခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်အတွက် ၅ ရာခိုင်နှုန်းနီးနီး ပိုပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
၁၉၈၄ ခုနှစ်ကတည်းက အခမဲ့ အသုံးပြုနိုင်ပြီး ဗြိတိန်နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာ အရင်းအမြစ်တခုဖြစ်တဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန NHS ဟာ ဝန်ထမ်းအင်အား အကျပ်အတည်းနဲ့ ရုန်းကန်နေရပြီး သူ့ရဲ့စွမ်းဆောင်ရည်ပေါ်မှာလည်း ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်ဖိအားတွေကြောင့် သက်ရောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။