ရပ်ကွက်ထဲ သောင်းကျန်းနေသဖြင့် ပစ်ခတ်ဖမ်းဆီးခံရသည့် ထိုင်းဒုရဲမှူး ဆေးခြောက်သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဆိုင်မိုင်နယ်မြေထဲမှာ ပစ်ခတ်သောင်းကျန်းနေတဲ့ ရဲအရာရှိတဦးကို ကွန်မန်ဒိုတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးလိုက်ပြီးတဲ့နောက် သေဆုံးသွားတဲ့ သူ့အလောင်းကို ဆေးစစ်ရာမှာ ဆေးခြောက်တွေ သုံးစွဲထားတာ တွေ့ရတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသွားတဲ့ ဒုရဲမှူး ကစ်သီကန်ဆိုင်ဘွန်းကန် (၅၁ နှစ်) ရဲ့အလောင်းကို ဖူမိဖွန်း အဒူရာဒေ့ချ် ဆေးရုံကြီးမှာ ဆေးစစ်ခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ ရိုက်နှက် အကြမ်းဖက်ခံထားရတာ မတွေ့ဘဲ ပစ်ခတ်ဒဏ်ရာ ၆ ချက်က သွေးထွက်လွန်လို့ ဆုံးသွားကြောင်း၊ အလောင်းရဲ့ သွေးထဲမှာ ဆေးခြောက်သုံးစွဲထားတာတွေ့ရတယ်လို့ ဆေးစစ်ချက်အဖြေထွက်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဒမ်ရုန်းဆဒ် ကစ်သီပဖတ်က သတင်းထောက်တွေကို ပြောပါတယ်။
သူနေတဲ့အခန်းထဲမှာလည်း ဆေးခြောက်ရွက် အခြောက်တွေရော၊ အတုံးတွေပါ တွေ့ရှိသလို အခန်းနောက်မှာ ဆေးခြောက်ပင်တွေ စိုက်ထားတာ တွေ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ သူ့ကို သေစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပစ်ခတ်ရတာမဟုတ်ဘဲ နာရီပေါင်းများစွာ အတတ်နိုင်ဆုံး ဖျောင်းဖျညှိနှိုင်းဖို့ ကြိုးစားတာ မအောင်မြင်တဲ့အပြင် သူ့ဘက်က ကျည်အစစ်တွေနဲ့ တန်ပြန်ပစ်ခတ်လို့ ရာဘာကျည်သုံးရာကနေ ကျည်အစစ်သုံးဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုအပြီး အနီးနားဝန်းကျင်တဝိုက် ကျည်ခွံတွေကို ကောက်ယူကာ တာဝန်ရှိသူဘက်က ပစ်ခတ်တဲ့ကျည်နဲ့ ခုခံသူဘက်က ပစ်တဲ့ကျည်ကို ခွဲထုတ်နေကြောင်း၊ အဆင့်တိုင်းဟာ နိုင်ငံတကာစံနှုန်းတွေအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ရဲချုပ်က ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့တဲ့ လူနေအိမ်အဆောက်အဦတွေကို တာဝန်ယူ ပြန်လည်ပြင်ဆင်ပေးမှာဖြစ်ပြီး ထိတ်လန့်တုန်လှုပ်နေတဲ့ ရပ်ကွက်ထဲက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း စိတ်ကျန်းမာရေးဌာနနဲ့ ပြန်လည်နှစ်သိမ့် ကုစားပေးမယ်လို့ ဆိုပါတယ်။
သူဟာ ရဲသင်တန်းကျောင်းဘက်ကို ရာထူးရွှေ့ပြောင်းခံရလို့ စိတ်ဖိစီးတယ်ဆိုတဲ့သတင်း မှန်ကန်မှုမရှိကြောင်း၊ သင်တန်းဆရာအဖြစ် သူ့ဘာသာ ရွေးချယ်တာဖြစ်ပြီး အခင်းမဖြစ်ခင် ရှေ့က ရုံးလာမတက်တာ ၅ ရက်ရှိပြီဖြစ်လို့ ဖုန်းဆက်မေးရာမှာ စကားပြော မူမမှန်တာ တွေ့ရှိခဲ့ကြောင်း၊ ဒါကြောင့် လုပ်ဖော်ကိုင်ဘက်တွေက သူ့အိမ်ကို သွားရောက်ပြီး ဆေးရုံခေါ်သွားမလို့လုပ်တာ သူက ငြင်းဆန်တဲ့အပြင် အကြမ်းဖက် တုံ့ပြန်ပစ်ခတ်တာလို့ ဆိုပါတယ်။
ဒီလိုသေဆုံးမှုမျိုးဟာ ဒါဟာ နောက်ဆုံးအကြိမ်မဟုတ်ကြောင်း၊ နောက်နောင်လည်း ပေါ်ပေါက်လာနိုင်လို့ ထိုင်းရဲတပ်ဖွဲ့ထဲမှာ ဆေးစစ်မှုနဲ့ အပြုအမူ ထူးခြားနေသူတွေ သတိထားစောင့်ကြည့်ပြီး လိုအပ်ရင် သီးသန့်ခွဲထုတ်ကာ ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်ရမယ်လို့ ထိုင်းရဲချုပ်က ပြောသွားပါတယ်။
ကိုးကား - news.ch7