ဆင်းရဲနွမ်းပါးသူများကို ကူညီနိုင်သည့် ကမ္ဘောဒီးယားက ရေပေါ်အိမ်သာများ

ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြည်တွင်းလူမှုရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ Wetlands Work (WW) ဟာ စွန့်ပစ်ပစ္စည်းတွေကို စစ်ထုတ်ဖို့ ရေပေါ်အိမ်သာကို တပ်ဆင်ပေးပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေပေမဲ့ တပ်ဆင်ခ ကုန်ကျစရိတ်မြင့်မားတဲ့အတွက် ကံကောင်းသူအနည်းငယ်ပဲ ရရှိပါသေးပါတယ်။
ရေပေါ်အိမ်သာတွေမှာ မိလ္လာတွေကို စစ်ထုတ်ဖို့နဲ့ သန့်စင်ဖို့အတွက် သေးငယ်တဲ့ ကန်ငယ်သုံးလုံးကို အသုံးပြုပြီး၊ အတွင်းမှာ ဇီဝဖလင်ရှိတဲ့ အဏုဇီဝပိုးမွှားတွေဟာ လူ့အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး စစ်ထုတ်ထားတဲ့ ရေကို ကန်ထဲကို ပြန်လည်စွန့်ထုတ်ပေးပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စစ်ပွဲနဲ့ လူမျိုးတုံး သတ်ဖြတ်မှုဒဏ် ခံခဲ့ရတဲ့အတွက် အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်ပြီး၊ လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဟာ သင့်လျော်တဲ့ အိမ်သာကို အသုံးမပြုရလို့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အသက် ၅ နှစ်အောက်ကလေးတွေ သေဆုံးနေရတယ်လို့ Water Aid ပရဟိတအဖွဲ့က ဆိုပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံး ကုန်းတွင်းငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံ Tonle Sap ရေကန်ရဲ့ အနီးတဝိုက်မှာ လူ ၁ သန်းကျော် နေထိုင်ပြီး အိမ်ခြေပေါင်း ၂၀၀၀၀ က မိလ္လာစနစ် မရှိတဲ့အတွက် မျိုးဆက်ပေါင်းများစွာ တံငါလုပ်ငန်းကို မှီခိုနေရတဲ့ ရွာသားတွေဟာ ချက်ပြုတ်ဆေးကြောဖို့နဲ့ ရေချိုးဖို့အတွက် အသုံးပြုတဲ့ ရေထဲကို တိုက်ရိုက်မစင်စွန့်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောနဲ့ ကာလဝမ်းရောဂါလို ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်ပွားနေပါတယ်။
“ငါတို့ဒီရေကို သောက်တယ်။ ဒီရေကို သုံးတယ်။ ငါတို့ ဒီရေထဲကို စွန့်တယ် အကုန်လုံးပဲ။ နေ့တိုင်း ကျန်းမာရေးကို စိတ်ပူတယ်။ အရမ်းစိုးရိမ်ပေမဲ့ ဘာလုပ်ရမှန်းမသိဘူး” လို့ အသက် ၅၂ နှစ်အရွယ် ဆီဗွန်က သူ့မိသားစု တချိန်လုံး နေမကောင်းဖြစ်နေတယ်လို့ AFP ကို ပြောပါတယ်။
“အရင်က မကြုံဖူးသေးတဲ့ ရေပေါ်ရွာတွေက မိလ္လာသန့်ရှင်းရေးပြဿနာကို ကျနော်တို့ ဖြေရှင်းနေပါတယ်” လို့ WW တည်ထောင်သူတာဘာဟန်းက AFP ကိုပြောပါတယ်။
ရေပေါ်အိမ်သာက စစ်ထုတ်ပြီး ထွက်လာတဲ့ မီးခိုးရောင်ရေဟာ သောက်သုံးဖို့ထိတော့ မသန့်ရှင်းပေမဲ့ ဆေးကြောဖို့နဲ့ ချက်ပြုတ်ဖို့အတွက်တော့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
WW ဟာ ဥရောပသမဂ္ဂက ရန်ပုံငွေပံ့ပိုးထားတဲ့ သီးခြားပရောဂျက် နှစ်ခုကတဆင့် ရေပေါ်ကျေးရွာ ၂၀ မှာ ရေပေါ်အိမ်သာ ၁၀၀ ကျော်ကို တပ်ဆင်ထားပြီး၊ ၂၀၂၅ မှာတော့ နောက်ထပ် ၂၀၀ ကိုဖြန့်ချိဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
WW က ကမ္ဘောဒီးယားနိုင်ငံအပြင် မြန်မာနိုင်ငံက ရွာပေါင်း ၁၂ ရွာမှာလည်း အဆိုပါစနစ်ကို ထည့်သွင်းထားပေမဲ့ ပိုမိုကျယ်ပြန့်လာဖို့အတွက်တော့ ကုန်ကျစရိတ်က အဓိက အတားအဆီး ဖြစ်နေပါတယ်။
Source -CNA / Photo - AFP