စမ်းချောင်းတွင် ပစ်ခတ်မှုဖြစ်၊ ၂ ဦးဒဏ်ရာရရှိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် ဆီဆုံလမ်းမှာ ဒီနေ့ညနေ ငါးနာရီက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လင်းလွန်းတောင်ရပ်ကွက် ဆီဆုံလမ်းရှိ နေအိမ်တအိမ်ရှေ့မှာ ဒီနေ့ညနေ ငါးနာရီမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက အမျိုးသားတဦး နဲ့ အမျိုးသမီးတဦးကို ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူ့တူကျောင်းက ပြန်လာကို အဒေါ်ကထွက်ကြိုတဲ့အချိန် သေနတ်နဲ့ပစ်ခံရတာ။ သေနတ်သံတွေ တောက်လျှောက်ပဲ၊ ဘာကြောင့်အပစ်ခံရလဲတော့မသိဘူး။"
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ဆေးတက္ကသိုလ်တက်နေသူ မောင်ဝင့်မိုးအောင် နဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်မေကြည်တို့ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာတွေနဲ့ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"နှစ်ဦးအပစ်ခံရတာ၊ ကျည်ထိမှန်ဒဏ်ရာများတယ်။ ဆေးရုံကိုတော့ ပို့ထားတယ်၊ သေမသေတော့ မသိဘူး။"
သေနတ်နဲ့ပစ်ခတ်ခံရသူမိသားစုဟာ စစ်တပ်နဲ့ နီးစပ်သူတွေလို့ ရပ်ကွက်နေသူအချို့က ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်တလောမှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ဗဟိုလမ်းနဲ့ ဆီဆုံလမ်းကို ပိတ်ပြီး လမ်းသွားလမ်းလာတွေရဲ့ ဖုန်း နဲ့ ကျောပိုးအိတ်တွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။