close

အင်းတော်မြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ ကသာမြို့ကြားက ကမ်းနီရွာထိပ်မှာ ကသာကိုသွားမယ့် စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးဖို့ဆင်းလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မတ်လ ၂၀  ရက် မနက် ၁၁ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သားတွေရဲ့ကားတွေကို အဓမ္မချောဆွဲပြီး အင်းတော်ကနေ ကမ်းနီရွာအထိကားနဲ့သွားရောက်ကာ လမ်းရှင်းလင်းဖို့ ခြေကျင်သွားတဲ့အချိန် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့  နီးစပ်သူ တစ်ဦးက“၁၁ နာရီကျော်ကျော်လောက်မှာ ဖြစ်တယ်။ အင်းတော်ကနေ ကသာကို ယာဉ်တန်းသွားဖို့ လမ်းရှင်းလာတဲ့ အချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ အင်းတော်မြို့က အေးမြသာယာ အားကစားကွင်းမှာ ကားတွေ ရပ်ထားတယ်။ အဲကားတွေ ဆင်းဖို့အတွက် လမ်းလာရှင်းရင်းဖြစ်တာပေါ့” လို့  ပြောပါတယ်။

အင်းတော်မြို့နယ်နဲ့ ကသာမြို့နယ်အစပ်ဘက်မှာလည်း ညနေ ၅ နာရီလောက်မှာ  စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အင်းတော်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ ည ၇ နာရီ ကျော်လောက်က ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ၇ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာလည်း ဇီးကုန်းရွာနဲ့ ကျောက်မှော်ရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တို့ မတ် ၂၀ ရက် မနက် ၆ နာရီခွဲလောက်ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

ဇီးကုန်ရွာခံ တဦးက “စစ်တပ်က ကျောက်မှော်ရွာကနေ ဇီးကုန်းရွာဘက်ထွက်လာချိန် PDFတွေနဲ့တွေ့ပြီး ပစ်ခတ်နေကြတယ်။ PDF အထိုင်စခန်းတော့ မရှိဘူး။ စစ်ကောင်စီလာပြီ ဆိုတာနဲ့ ဘယ်ကနေရောက်လာကြမှန်း မသိဘူး။ တိုက်ပွဲဖြစ်တာပဲ။ သူတို့ နှစ်ဖက် စစ်ပွဲ ဖြစ်ပြီဆိုရင် ဒေသခံတွေ အကုန်ထွက်ပြေးရတာပဲ”လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က အကျဆုံးရှိနိုင်သလို PDF က ၃ ယောက် ဒဏ်ရာရတယ်လို့ ထီးချိုင့်‌မြိုနယ် ပအဖတာဝန်ရှိသူ တဦးက ပြောပါတယ်။

“တိုက်ပွဲက ခဏဆိုပေမဲ့ ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ ကျောက်မှော်နဲ ဇီးကုန်းရွာကြား ရင်ကွဲတောင်မှာဖြစ်ကြတာ။ ကိုယ်ဘက်က သတင်းဦးလို့ အပေါ်စီးကနေ နေရာယူ ပစ်ခတ်နိုင်ခဲ့တယ်။ စစ်တပ်က အကျဆုံး ရှိနိုင်တယ်။ အတိကျတော့မပြောနိုင်ဘူး။” 

စစ်ကောင်စီဝင်ရောက်သွားတဲ့ ဇီးကုန်းရွာဟာ  စစ်ကောင်စီတပ်ကိုအများစုထောက်ခံတဲ့ ကျေးရွာ တစ်ရွာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးလာတာကြောင့် တည်တော၊ သခွတ်ချောင်၊ ပေါက်ကုန်း၊ ကွင်းကြီး စတဲ့ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့် နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေနဲ့  စစ်ကောင်စီတပ်တွေထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ စစ်ကောင်စီပြန်ကြားရေးကသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Up