ထိုင်းအထွေထွေရွေးကောက်ပွဲ မေလ ၁၄ ရက်နေ့ ကျင်းပမည်

ထိုင်းနိုင်ငံမှာ လွှတ်တော်ကိုဖျက်သိမ်းပြီး နောက်တရက် မတ်လ ၂၁ ရက်မှာ အမျိုးသား ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်မှာ ကျင်းပသွားမယ်လို့ ကြေညာပါတယ်။
အကြိုမဲပေးတာတွေကိုတော့ မေလ ၇ ရက်မှာ ကျင်းပမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူး ဆဝမ်င်ဘွန်းမီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပါတီဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရသူတွေ အပါအဝင် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်တာကို ဧပြီလဆန်းပိုင်းမှာ ပြုလုပ်မယ်လို့လည်း ဆိုပါတယ်။
လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ စစ်တပ်လိုလားတဲ့ ကွန်ဆာဗေးတစ် အုပ်စုတွေနဲ့ သန်းကြွယ်သူဌေးမျိုးရိုး ရှင်နာဝပ် မိသားစု ဦးဆောင်တဲ့ အကြီးဆုံး အတိုက်အခံ ဖွေ့ထိုင်းပါတီတို့အကြား အာဏာလွန်ဆွဲပွဲ ဖြစ်လာနိုင်မလား ပုံဖော်နေကြတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပါတီတွေ အရှိန်မြှင့်ပြီး မဲဆွယ်စည်းရုံးနေကြချိန်မှာ ဒီကြေညာချက် ထွက်လာပါတယ်။
လူတိုင်းဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းကမ်းနည်းလမ်းကို လိုက်နာရင်၊ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့ကလည်း ရွေးကောက်ပွဲကျင်းပမယ့်နေ့အထိ အစီအစဉ်အတိုင်း သွားမယ်ဆိုရင် အားလုံးအဆင်ပြေပြေ ဖြစ်သွားမှာပါလို့လည်း ရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူး ဆဝမ်င်ဘွန်းမီက ပြောပါတယ်။
ဖွေ့ထိုင်းပါတီဟာ ဝန်ကြီးချုပ်နေရာအတွက် အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတဦး အဖြစ် သဘောထားစစ်တမ်းတွေမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီး ဖဲထောင်းထန်းရှင်နာဝပ်ကို ပွဲထုတ်ထားပြီး ထိုင်းနိုင်ငံတဝန်းမှာ နေ့စဉ် မဲဆွယ်စည်းရုံးပွဲတွေ လုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်။