close

တိုက်ပွဲကြောင့် ကရင်နီဒေသ ဘောလခဲမှ အပြင်ထွက်မည့်လမ်းကြောင်းများပိတ်

ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနဲ့ ဘောလခဲ-ရွာသစ်လမ်းမကြီးကို သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်သွားမယ်လို့  ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) မနေ့ မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီလို ပိတ်လိုက်တဲ့အတွက် ဘောလခဲမြို့ကို အလုံပိတ်သလို ဖြစ်နေပြီး အစားအသောက် ပြတ်လပ်နေတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုဆို အလုံပိတ်ဖြစ်နေပြီ၊ လွိုင်ကော်လည်း သွားမရတော့ဘူး။ မော်ချီးဘက်လည်း သွားမရတော့ဘူး။ ဆိုင်တွေမှာလည်း ဘာမှမရှိတော့ဘူး။ အကုန်လုံးခက်ကုန်ပြီ။”

မတ် ၁၆ ရက်က ဘောလခဲမြို့နယ် ရေနီပေါက်ကျေးမှာ ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်၏စီတပ်ဖွဲ့ဝင်တွေ နေစဉ်နဲ့အမျှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ရေနီပေါက် အပါအဝင် အနီးအနားက ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အလားတူပဲ မတ်လဆန်းလောက်ကတည်းနေ ဒီကနေ့အထိ ဒီးမော့ဆို အရှေ့ခြမ်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ရက်ဆက်တိုက်ပွဲ‌တွေ ဖြစ်ပွားနေပါတယ်။

ဒေသခံအများစုကတော့ လုံခြုံမယ်လို့ထင်တဲ့နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်ကြပြီး လူသောင်းချီ အစားအသောက်နဲ့ မိုးကာအရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

ဒီလို အလားတူ ဘောခဲမြို့နယ်က ပြည်သူတွေကလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Up