ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို နိုင်ငံတကာပွဲအများဆုံး ကစားသမားအဖြစ် စံချိန်တင်

ယူရို ၂၀၂၄ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မတ်လ ၂၃ ရက်က ပေါ်တူဂီအသင်းနဲ့ လက်ချင်စတိန်း အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုက နိုင်ငံတကာပွဲစဉ်အများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သလို သွင်းဂိုး ၂ ဂိုးပါ ရယူပေးနိုင်ခဲ့ပါတယ်။
လက်ချင်စတိန်းအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲစဉ်မှာ ရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက် ပယ်နယ်တီနဲ့ အလွတ်တည်ကန်ဘောကနေ ၁ ဂိုးစီ သွင်းယူပေးနိုင်ခဲ့တာပါ။
ဒါကြောင့် နိုင်ငံ့လက်ရွေးစင်အဖြစ် နိုင်ငံတကာပွဲစဉ် ၁၉၇ ပွဲအထိ ကစားပေးခဲ့ပြီးဖြစ်တဲ့ ရော်နယ်ဒိုဟာ ကူဝိတ်အသင်းက ဘတ်ဒါ အယ်လ်မူတာဝါရဲ့ ၁၉၆ ပွဲစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီအိမ်ကွင်းအဖြစ် လက်ခံကစားခဲ့တဲ့ ဟိုဆေး အဲဗားလိတ် အားကစားကွင်းကြီးမှာ အသင်းအတွက် အနိုင်ဂိုးတွေကို ဂျိုအာ ကန်ဆယ်လိုက ပွဲအစ ၈ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲပြန်စချိန် ၄၇ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗားရဲ့ နောက်ထပ်သွင်းဂိုးနဲ့အတူ ၂ ဂိုးပြတ် ဦးဆောင်နေခဲ့တာပါ။
ရော်နယ်ဒိုက ပွဲချိန် ၅၁ မိနစ်မှာ ကန်ဆယ်လိုကြောင့် ရရှိလာတဲ့ ပယ်နယ်တီပြစ်ဒဏ်ဘောကို အပိုင်သွင်းယူနိုင်ခဲ့သလို ပွဲချိန် ၆၃ မိနစ်မှာလည်း သူသွင်းယူနေကျ ပုံစံအတိုင်းဖြစ်တဲ့ အလွတ်တည်ကန်ဘောကို အပြင်းကန်သွင်းကာ အသင်းအတွက် ၄ ဂိုးမြောက် ရယူပေးနိုင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ဟက်ထရစ်သွင်းဂိုး ပြည့်မြောက်ဖို့ အခွင့်အရေး ၂ ကြိမ် ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာကြောင့် ပွဲချိန် ၇၈ မိနစ်အရောက်မှာ ဂွန်ကာလို ရာမို့စ်နဲ့ လူစားလဲခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အသက် ၃၈ နှစ်ပြည့်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် နိုင်ငံတကာသွင်းဂိုး ၁၂၀ အထိ ရှိလာခဲ့ပြီဖြစ်ပြီး နိုင်ငံအဆင့် ဘောလုံးလောကမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း ထိပ်ဆုံးက ရပ်တည်နေပါတယ်။