close

အမေရိကန်တွင် ၁၈ နှစ်အောက်လူငယ်များကို လူမှုကွန်ရက်အသုံးပြုမှု ကန့်သတ်မည်

အမေရိကန်နိုင်ငံ၊ ယူတားပြည်နယ်အုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်ဟာ အရွယ်မရောက်သေးသူ တွေရဲ့ လူမှုကွန်ရက်မီဒီယာအသုံးပြုမှုအပေါ် ကန့်သတ်ဖို့ရည်ရွယ်ထားတဲ့ ဥပဒေအသစ် ၂ ရပ်ကို မတ်လ ၂၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

ဒါကြောင့် အသက် ၁၈ နှစ်အောက် မည်သူမဆို အင်စတာဂရမ်၊ တစ်တော့ခ်နဲ့ ဖေ့ဘွတ်ခ်လိုမျိုး လူမှုကွန်ရက်ပလက်ဖောင်းတွေ အသုံးပြုရာမှာ မိဘခွင့်ပြုချက်လိုအပ်မယ့် ပထမဆုံးသော အမေရိကန်ပြည်နယ်တစ်ခု ဖြစ်လာတော့မှာပါ။ 

ယူတားပြည်နယ်ရှိ ရီပတ်ဘလီကန်ပါတီဝင်တွေ ထိန်းချုပ်ထားတဲ့ ဥပဒေပြုလွှတ်တော်မှာ ဒီဥပဒေကြမ်း ၂ ကြမ်းကို ဒီလအစောပိုင်းမှာကတည်းက အတည်ပြုခဲ့တာဖြစ်ပါတယ်။ 

ဒီဥပဒေအရ ဆိုရှယ်မီဒီယာကုမ္ပဏီတွေအပေါ် ထိခိုက်ဆုံးရှုံးမှုတွေအတွက် တရားစွဲဆိုရာမှာ ပိုမိုလွယ်ကူလာစေမှာ ဖြစ်ပါတယ်။  ကလေးသူငယ်တွေအပေါ် လူမှုကွန်ရက်မီဒီယာတွေရဲ့ အကျိုးသက်ရောက်မှုဟာ အမေရိကန်နိုင်ငံမှာ အချေအတင် ဆွေးနွေးစရာကိစ္စရပ် တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီလိုဝန်ဆောင်မှုပေးသူတွေအနေနဲ့လည်း လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေနဲ့ ပက်သက်ပြီး ဆက်သွယ်ရေးကျင့်ဝတ်ဥပဒေ ပုဒ်မ ၂၃၀ အရ တာဝန်ယူမှုကနေ အကြီးအကျယ် ကင်းလွတ်ခွင့် ရနေကြတာ ဖြစ်ပါတယ်။ 

ရီပတ်ဘလီကန်တစ်ဦးဖြစ်တဲ့ ကော့စ်ကတော့ “ဆိုရှယ်မီဒီယာကုမ္ပဏီတွေအနေနဲ့ ကျနော်တို့ လူငယ်တွေရဲ့ စိတ်ကျန်းမာရေး ထိခိုက်အောင် ဆက်လက်လုပ်ဆောင်နေတာမျိုးတွေကို နောက်ထပ် ခွင့်မပြုလိုတော့ဘူး”ဆိုပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

နည်းပညာလုပ်ငန်းတွေက ဆန့်ကျင်ကန့်ကွက်တဲ့ ဒီဥပဒေကြမ်းထဲမှာ ဆိုရှယ်မီဒီယာ အကောင့်တစ်ခုမဖွင့်ခင် အားလုံးသော အသုံးပြုသူတွေအနေနဲ့ အသက် အတည်ပြုချက် တင်ပြဖို့ လိုအပ်မှာဖြစ်ပြီး ခြွင်းချက်အနေနဲ့ကတော့ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူတွေ ဟာ မိဘတစ်ဦးဦးရဲ့ ခွင့်ပြုချက်ကို လိုအပ်မှာဖြစ်ပါတယ်။

Up