ကစားသမားသစ်ထပ်မခေါ်ရန် အင်္ဂလန်နည်းပြဆောက်ဂိတ် ဆုံးဖြတ်

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဒဏ်ရာနဲ့ပွဲပယ်ခံရတဲ့ ကစားသမားတွေရှိပေမဲ့ ကစားသမားသစ်တွေ ထပ်မခေါ်ဖို့ နည်းပြဆောက်ဂိတ်က ဆုံးဖြတ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းမှာ နောက်ခံလူလုခ်ရှောက အီတလီကို အနိုင်ရတဲ့ပွဲက အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံရမှာဖြစ်ပြီး ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ဟာလည်း ဒဏ်ရာပြဿနာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။
ယူကရိန်းနဲ့ ကစားရမယ့် ယူရိုခြေစစ်ပွဲ ဒုတိယပွဲစဉ်အတွက် ကစားသမား ၂၁ ဦးပဲ ရှိတော့ပေမဲ့ ကစားသမားသစ်ခေါ်လိုက်မယ်ဆိုရင် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တာကြောင့် ထပ်ပြီး ခေါ်ယူတော့မှာ မဟုတ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အသင်းလူစာရင်းအပြင်က ကစားသမားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ လေ့ကျင့်မှု လုပ်ဆောင်မှု ရှိ၊ မရှိလည်းမသိရတာကြောင့် ခေါ်ယူဖို့ မရှိတော့ကြောင်း၊ ခေါ်ယူမယ်ဆိုရင်လည်း ယူ ၂၁ အသင်းနဲ့လေ့ကျင့်နေတဲ့ကစားသမားတွေသာဖြစ်နိုင်ကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားခဲ့ပါတယ်။