close

ဂျပန်နိုင်ငံတွင် ဖန်နှင့်တူသော သစ်ခွမျိုးစိတ်သစ် ရှာဖွေတွေ့ရှိ

နူးညံ့သိမ်မွေ့ပြီး ဖန်နဲ့တူတဲ့ ပန်းပွင့်တွေပါရှိတဲ့ သစ်ခွမျိုးစိတ်သစ်ကို ဂျပန်နိုင်ငံရဲ့ ပန်းခြံတွေ ဥယျာဉ်တွေမှာ ရှိပေမဲ့ အမည်မသိမျိုးစိတ်ဖြစ်ကြောင်း အတည်ပြုဖို့ ကိုဘေးတက္ကသိုလ်က သုတေသီတွေက ဆယ်စုနှစ်တခုကြာ အချိန်ယူခဲ့ရပြီး “Spiranthes hachijoensis” လို့ အမည်ပေးထားပါတယ်။

“ပန်းခြံတွေ၊ ဥယျာဉ်တွေနဲ့ အိုးအပင်တွေကြားမှာ တွေ့နိုင်တဲ့ spiranthe မျိုးစိတ်အသစ်ကို တွေ့ရှိရတာ အံသြစရာပါပဲ” လို့ ဦးဆောင်သုတေသီ ခန်ဂျိဆူစုဂုက AFP ကို ပြောပါတယ်။

နမူနာတချို့က ဂျပန်နိုင်ငံအလယ်ပိုင်းဂီဖူဒေသရှိ အထက်တန်းကျောင်းမှာ သိမ်းဆည်းထားတဲ့အိုးတွေ အပါအဝင် ပန်းအိုးနဲ့ ဥယျာဉ်တွေကဖြစ်ကြောင်း ဇီဝဗေဒပါမေက္ခက ဆိုပါတယ်။

“ဖန်သားထည်နဲ့ ဆင်တူတဲ့ ဆန်းကြယ်တဲ့ အပင်လေးတွေက ထူးဆန်းတဲ့ အပွင့်တွေကြောင့် ဒီပန်းကို လူတွေက နှစ်အတော်ကြာ နှစ်သက်ခဲ့တာပါ” လို့ တက္ကသိုလ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအပင်ကို ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံး ကဗျာစာစုဖြစ်တဲ့ ရှစ်ရာစု “Manyoshu” (မန်ယိုရှူး) မှာ ထည့်သွင်း ရေးဖွဲ့ထားပါတယ်။

တခါတရံ Ladies' Tresses လို့ လူသိများတဲ့ Spiranthes အမျိုးအစားသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Plant Research ဂျာနယ်က ထုတ်ပြန်ခဲ့ပြီး နမူနာအများစုကို တိုကျိုမြို့ ဟာချီဂျိုရှီမားကျွန်းမှာ တွေ့ရှိတာကြောင့် ဒီပန်းမျိုးစိတ်ကို “hachijoensis” လို့ အမည်ပေးခဲ့ပါတယ်။

Source/ photo -AFP

Up