close

မင်္ဂလာဒုံတွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဗုံးခွဲခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ရှိ Mytel တာဝါတိုင် မတ်လ ၂၇ ရက် ဒီနေ့ မနက် ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီမနက် ၈ နာရီလောက်မှာ ပေါက်ကုန်းရပ်ကွက် အာသာဝတီလမ်းသွယ်နဲ့ ရတနာဒီပံဘုန်းတော်ကြီးကျောင်းအနီး လယ်ကွင်းအတွင်းရှိ Mytelတာဝါတိုင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ပျက်စီးသွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ဗုံးပေါက်တော့ စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး အဲ့နေရာကို စစ်တာ နောက်ထပ်လက်လုပ်ဗုံးတွေ ထပ်တွေ့တယ် စစ်တပ်ကပဲ ယူသွားပြီး ဖျက်ဆီးလိုက်တာ။”

ဗုံးပေါက်ကွဲခဲ့တဲ့ Mytel တာဝါတိုင်ဟာ နံပတ်  YGN-1595 Mytel တာဝါတိုင်ဖြစ်တယ်လို့ ဆက်သွယ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"စစ်တပ်က သူတို့တာဝန်ယူထားတဲ့ Mytel တာဝါတိုင်ပျက်စီးသွားလို့ အကုန်လုံးပိတ်ဆို့စစ်ဆေးနေတယ်။"

လက်တလောမှာ ပေါက်ကုန်းရပ်ကွက်နဲ့ စမ်းကြီးဝကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လမ်းသွားလမ်းလာနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီမနက် ၆ နာရီကျော်ကလည်း မှော်ဘီမြို့ရှိ ကုလားကုန်းကျေးရွာရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။ 

Up