ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နိုင်ငံကိုပြန်လာပြီး ထောင်ကျခံမည်ဟုပြော

စစ်တပ်က အာဏာသိမ်းပြီး စွဲချက်အမျိုးမျိုးနဲ့ တရားစွဲခံရနေရလို့ ပြည်ပမှာ နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ အမိမြေကို ပြန်လာ တော့မယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ ထိုင်းက သားသမီးမြေးမြစ်တွေနဲ့အတူတူ ပြန်နေချင်တာကြောင့် ဒီနှစ်ထဲမှာ ထိုင်းကိုပြန်လာမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။
သူဟာ နိုင်ငံရေးလောကမှာ ချောင်းမြောင်းလုပ်ကြံခံရမယ့် အခြေအနေ ၄ ခါ ကြုံခဲ့ရပြီး ပြည်ပမှာ ၁၆ နှစ်ကြာ မိသားစုနဲ့ ခွဲခွါနေရတာဟာလည်း ဆင်းရဲဒုက္ခတွေဖြစ်ကြောင်း ၊ အဲဒီကာလ အကျဉ်း ထောင်ကြီးလိုဖြစ်နေတာကြောင့် ထိုင်းမှာလာပြီး ထောင်ကျခံမယ်ဆိုတာ အကျဉ်းထောင်လေး မျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုပြန်လာပြီး တရားစွဲခံထားရတဲ့အပြစ်တွေ ခံယူမယ်ဆိုတာ အပြစ်ကိုကျူးလွန်တယ်လို့ ဝန်ခံတာမဟုတ်သလို သူ့ကိုထောက်ခံအားပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူတွေ၊ ပါတီလုပ်ဖော်ကိုင်ဘက်တွေပေါ် သစ္စာဖောက်တာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။
လာမယ့် မေလ ရွေးကောက်ပွဲမှာ သူတည်ထောင်ခဲ့တဲ့ ဖွေ့ထိုင်းပါတီ အနိုင်ရရင်တောင်မှ သူလွတ် မြောက်ရေးအတွက် အထူးလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေထုတ်ပြန်ခြင်းမပြုဖို့ ၊ သူ့ကိုမကြိုက်တဲ့ သူတွေက ကျေနပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဖွေ့ထိုင်းပါတီအာဏာရစဉ်က တိုင်းပြည်အာဏာအလွဲသုံးစားလုပ်တယ်ဆိုပြီး အတိုက်အခံပါတီဘက်က ဦးဆောင်ဆန္ဒပြရာမှာ အဓိကရုဏ်းတွေဖြစ်ခဲ့လို့ ထိုင်းစစ်တပ်က အာဏာ သိမ်းပြီးအုပ်ချုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ဟာလည်း ပြစ်ချက်အမျိုးမျိုးနဲ့ ပြန်ပြီး တရားစွဲခံခဲ့ရပါတယ်။
တရားရုံးစီရင်ချက်အရတွေအရ ဘန်ကောက် ရာ့ချ်ဒါးဖိဆစ်နယ်မြေက အများပိုင်မြေကွက်ကို အာဏာအလွဲသုံးစားပြုပြီး ဈေးနှိမ်ဝယ်ယူမှုနဲ့ ထောင်ဒဏ် ၂ နှစ်၊ ရှင်ကော်ပိုရေးရှင်းမှာ ဒိုမီနိုအမည်ခံပြီးအစုရှယ်ယာပါဝင်မှုနဲ့ ထောင်ဒဏ် ၅ နှစ်၊ တရားမဝင် ၂ လုံးတွဲ ၃ လုံးတွဲ ထီရောင်းချမှုကို အရေးမယူဘဲ လစ်လျူရှုမှုနဲ့ ထောင်ဒဏ် ၂ နှစ်၊ Exim Bank ကနေ မြန်မာပြည်ကိုအတိုးနည်းနည်းနဲ့ ဘတ်သန်းပေါင်း ၄၀၀၀ ချေးငှါးမှုနဲ့ ထောင်ဒဏ် ၃ နှစ် အသီးသီး ချမှတ်ခံခဲ့ရပါတယ်။
အဲဒီပြစ်မှုတွေထဲမှာ ရာ့ချ်ဒါးဖိဆစ်မြေကွက်အမှုက သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး ကျန်အမှုတွေ အတွက် နောက်ထပ် ၁၀ နှစ် ကျခံရဦးမှာ ဖြစ်ပါတယ်။ အဆိုပါအမှုတွေထဲက အယူခံတင်လို့ရ တာတွေကို ဆက်တင်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။
လက်ရှိထိုင်းနိုင်ငံရဲ့ အဓိကပြဿနာမှာ ပြည်သူတွေရဲ့ စီးပွါးရေးပြဿနာဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေးမကောင်းရင် ပြည်သူပြည်သားတွေ တခြားတိုင်းပြည်ထွက်ကုန်မှာဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိပါတီအကြီးအကဲဖြစ်နေတဲ့ သူ့သမီးငယ် ဖဲထောင်းထန်းဟာ နိုင်ငံရေးအကြောင်းကို ဖခင်ထံကနေ ငယ်စဉ်ကတည်းက လေ့လာသင်ယူခဲ့ပြီး စိတ်ဓာတ်ရေးရာမှာ ဖခင်ထက်ပို တည်ငြိမ်သူဖြစ်ကြောင်း၊ ပညာလည်း ဖခင်ထက်ပိုတတ်တဲ့အတွက် ဝန်ကြီးချုပ်ဖြစ်ဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ ဖွေ့ထိုင်းပါတီဟာ အမတ်နေရာ တစ်ဝက် ၂၅၀ မှ ၃၀၀ ကျော်ထိ ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ အစိုးရဖြစ်ရဖို့အတွက်တော့ အာဏာရှင်စစ်တပ်ပါတီနဲ့ ပူးပေါင်းမှဦမဟုတ်ဘဲ မဖြစ်မနေ ပူးပေါင်းရမယ့်အခြေအနေဖြစ်လာမှ နောက်ဆုံးရွေးချယ်တာပဲ ဖြစ်လိမ့်မယ်လို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောပါတယ်။
Ref:MGR Online