close

အင်ဒိုနီးရှားကို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်မှ ရုပ်သိမ်း

အင်ဒိုနီးရှားနိုင်ငံကို အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ရုပ်သိမ်းလိုက်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က မတ်လ ၂၉ ရက်မှာ ပြောပါတယ်။

ဟိန္ဒူအများစုရှိတဲ့ ဘာလီကျွန်းရဲ့ အုပ်ချုပ်ရေးမှူးက အစ္စရေးအသင်းကို ပြိုင်ပွဲမှာလက်ခံဖို့ ငြင်းဆိုခဲ့ပြီးနောက် မဲနှိုက်တာကို ဖျက်သိမ်းခဲ့ကြောင်း အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) က ပြောကြားပြီးနောက် မေ ၂၀ ရက်ကနေ ဇွန် ၁၁ ရက်အထိ ကျင်းပမယ့် ပြိုင်ပွဲမှာ အိမ်ရှင်နိုင်ငံအဖြစ်ကနေ အင်ဒိုနီးရှားကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“လက်ရှိအခြေအနေတွေကြောင့် ၂၀၂၃ ခုနှစ် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အင်ဒိုနီးရှားကို ဖယ်ရှားဖို့ ဖီဖာက ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဖီဖာရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ပြိုင်ပွဲကျင်းပမယ့်ရက်ကို မပြောင်းလဲဘဲ အိမ်ရှင်နိုင်ငံအသစ်ကို အမြန်ဆုံး ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) အပေါ် အလားအလာရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေကိုလည်း နောက်ပိုင်းအဆင့်မှာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ပါလက်စတိုင်းအတွက် အင်ဒိုနီးရှားရဲ့ ထောက်ခံမှုဟာ အမြဲတမ်း ခိုင်ခံ့မြဲမြံနေတာကြောင့် အစ္စရေးရဲ့ ပါဝင်မှုဟာ ပါလက်စတိုင်းနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒ သဘောထား ညီညွတ်မှုနဲ့ လုံးဝမသက်ဆိုင်ကြောင်း အာမခံ ပြောကြားထားပါတယ်။

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ ဖီဖာက အဖွဲ့ဝင်တွေ လိုက်နာရမယ့် စည်းမျဉ်းတွေကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီးရဲ့ ထုတ်ပြန်ချက်ကို သဘောတူညီကြောင်းနဲ့ ဒါကြောင့် အားကစားကို နိုင်ငံရေးနဲ့ မရောထွေးပါနဲ့လို့ သမ္မတ ဝီဒိုဒိုက ပြောဆိုခဲ့ပါတယ်။

Up